
(သက်ကြီးရွယ်အိုများနှင့် မကျန်းမာသူများ အကူအညီ လိုအပ်နေ)
AB News – ဇူလိုင် ၉၊ ၂၀၂၆
ရက္ခိုင်ပြည်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံတက်မှုကြောင့် ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာ အပါအဝင် အနီးအနားရှိ ဝါးတောင်၊ ချောင်းတူနှင့် ပက်ခွက်ဆိတ် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ပန်းဖဲချောင်းကျေးရွာတစ်ရွာလုံး ရေနစ်မြုပ်လာ၍ ရွာသူ၊ ရွာသားများအားလုံး ဘေးလွတ်ရာ တောတောင်များနှင့် နီးစပ်ရာ ကုန်းမြင့်ပိုင်းများသို့ အရေးပေါ် ထွက်ခွာတိမ်းရှောင်နေကြရသည်။
ထိုသို့ တိမ်းရှောင်နေရသူများထဲတွင် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းဘဲ ဖျားနာနေသည့် လူနာများလည်း ပါဝင်နေသည့်အတွက် ပိုမိုခက်ခဲသောအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“အခု လက်ရှိမှာတော့ ပန်းဖဲချောင်းတစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ခွာနေကြရပါတယ်။ ရွာသားတွေအပါအဝင် ကျွဲ၊ နွား တရိစ္ဆာန်တွေကိုပါ ဘေးလွတ်ရာကို ပို့ထားကြရတာပါ။ ဒီအထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ နေထိုင်မကောင်းဖြစ်နေတဲ့ လူတွေလည်း ပါနေပါတယ်” ဟု မျိးချစ်လူငယ်ဖောင်ဒေရှင်းမှ ဥက္ကဋ္ဌ ကိုမျိုးချစ်က AB News သို့ ပြောသည်။
လက်ရှိ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် ရေဘေးသင့်ပြည်သူများအတွက် ယာယီခိုလှုံနိုင်မည့် အမိုးအကာများ (တာပေါ်လင်စများ)၊ ဆေးဝါးများနှင့် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း ဆိုသည်။
လက်ရှိရက္ခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်လာမှုကြောင့် မင်းပြား၊ မြောက်ဦး ၊ ကျောက်တော် အစရှိသော မြို့များတွင် ရေနစ်မြုပ် မှုများ ဖြစ်ပွားနေသည်ကို တွေ့ရှိရသည်။