သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောခရိုင်ရှိ မာဒရာဆာကျောင်းများ၏ အတန်းတင်စာမေးပွဲအတွက် ငွေကျပ် ၂၂၁ သိန်းကျော် ထောက်ပံ့

AB News – နိုဝင်ဘာ ၁၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများ၏ အတန်းတင်စာမေးပွဲများ ကျင်းပနိုင်ရေးအတွက် ငွေကျပ် ၂၂,၁၁၄,၇၅၀ ကို ရန်ပုံငွေအဖြစ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေပေးအပ်ပွဲကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ မောင်တောခရိုင်ပါတီကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မာဒရာဆာကျောင်းများ၏ အတန်းတင်စာမေးပွဲများ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ပံ့ပိုးခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ မောင်တောခရိုင်ပါတီခရိုင်မှူး၊ မောင်တောခရိုင်ပါတီဒုတိယခရိုင်မှူး၊ မောင်တောခရိုင်ပညာရေးမှူး၊ မောင်တောခရိုင်ဂျူရီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မောင်တောခရိုင်မူဆလင်ရေးရာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မာဒရာဆာကျောင်းအုပ်ကြီးများ၊ ကျောင်းဆရာများ၊ မော်လဝီဆရာများနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မောင်တောခရိုင်ပါတီကော်မတီမှ တာဝန်ရှိသူတစ်ဦးက မူဆလင်လူမျိုးများအနေဖြင့် မိမိတို့၏ စာပေနှင့် သမိုင်းကြောင်းများကို ဖော်ထုတ်လိုသကဲ့သို့ ရက္ခိုင်၊ သက္ကမ၊ မြို၊ ခမီအပါအဝင် အခြားလူမျိုးစုများတွင်လည်း ကိုယ်ပိုင်စာပေ၊ သမိုင်းနှင့် ယဉ်ကျေးမှုများရှိကြောင်း၊ လူမျိုးစုအားလုံး၏ အခွင့်အရေးများ ရရှိရေးသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

” မူဆလင်တွေကလည်း သူတို့ရဲ့စာပေ၊ သမိုင်းတွေကို ဖော်ထုတ်ချင်မှာပါ။ ရက္ခိုင်တွေလည်း အဲဒီလိုရှိတယ်။ သက္ကမ၊ မြို၊ ခမီနဲ့ အခြားလူမျိုးစုအားလုံးမှာလည်း ကိုယ်ပိုင်စာပေနဲ့ သမိုင်းတွေ ရှိကြပါတယ်။ အဲဒီကိုယ်ချင်းစာတရားနဲ့ လူမျိုးအားလုံးရဲ့ အခွင့်အရေးတွေ ရရှိအောင် ဆောင်ရွက်ပေးဖို့ တာဝန်ဟာ ကျွန်တော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တာဝန်ဖြစ်ပါတယ် “ဟု ၎င်းက ပြောသည်။

ထို့ပြင် မောင်တောဒေသအတွင်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးနှင့် မူဆလင်၊ ရက္ခိုင်လူမျိုးများ အပါအဝင် ဒေသခံပြည်သူအားလုံး အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးသည် လက်ရှိကာလသာမက အနာဂတ်အတွက်ပါ အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားရန်၊ တစ်ဦး၏အခက်အခဲကို တစ်ဦးက ကူညီဖေးမရန်၊ အာရက္ခပြည်တော်လှန်ရေးကို ပံ့ပိုးကူညီရန်နှင့် မောင်တောခရိုင်ကို မိမိတို့၏ ကိုယ်ပိုင်ဒေသ၊ ကိုယ်ပိုင်မြေအဖြစ် ခံယူကာ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းခဲ့သည်။

အခမ်းအနားတွင် မာဒရာဆာကျောင်းများ၏ အတန်းတင်စာမေးပွဲများ ကျင်းပနိုင်ရေးအတွက် ရန်ပုံငွေထောက်ပံ့ပေးအပ်မှုအပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအတွက်လည်း ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မာဒရာဆာကျောင်းမှ မော်လဝီဆရာတစ်ဦးကလည်း အတန်းတင်စာမေးပွဲများ ကျင်းပနိုင်ရေးအတွက် ရန်ပုံငွေထောက်ပံ့ပေးအပ်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

၎င်းက ယခုကဲ့သို့ ပညာရေးကဏ္ဍအတွက် ကူညီပံ့ပိုးပေးခြင်းသည် မာဒရာဆာကျောင်းများ၏ စာမေးပွဲကျင်းပရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်းများအတွက် အထောက်အကူဖြစ်စေကြောင်းလည်း ပြောကြားခဲ့သည်။

မောင်တောခရိုင်အတွင်းရှိ လူမျိုးစုအားလုံး၏ ပညာရေး၊ စာပေ၊ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို လေးစားအသိအမှတ်ပြုခြင်း၊ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတည်ဆောက်ခြင်းတို့သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အချက်များဖြစ်သည်။

Photo – Hein Tun/AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ