
AB News – နိုဝင်ဘာ ၁၈၊ ၂၀၂၆
ပလက်ဝခရိုင်၊ ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာ အနီးဝန်းကျင်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ ညပိုင်းတွင် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၃ နှစ်အရွယ် ကလေးငယ်နှင့် ကိုယ်ဝန် ၅ လရှိ အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးကာ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့၊ ည ၇ နာရီ ၅၇ မိနစ်အချိန်မှ ၉ နာရီ ၁၅ မိနစ်အချိန်အထိ ၁ နာရီကျော်ကြာအောင် စစ်ကော်မရှင်တပ်သည် ဂျက်တိုက်လေယာဉ် ၄ စီးနှင့် Y-12 ထောက်ပို့လေယာဉ် ၁ စီးတို့ကို အသုံးပြု၍ သူဌေးကုန်းကျေးရွာအတွင်းသို့ ပေါင် ၅၀၀၊ ပေါင် ၃၀၀၊ ပေါင် ၂၀၀ ဗုံးများအပြင် ရော့ကတ် (Rocket) နှင့် ဒရော့ဗုံး (Drop Bomb) များ အပါအဝင် စုစုပေါင်း ဗုံးအလုံးရေ ၅၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ခေတ္တလာရောက်ခိုလှုံနေသည့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ ကိုယ်ဝန် ၅ လလွယ်ထားရသည့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ရသည်။
ထို့အပြင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၁ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူပိုင် နေအိမ်အများအပြား ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသည်။
အကြမ်းဖက် စစ်ကော်မရှင်တပ်သည် နိုဝင်ဘာလ (၁၄၊ ၁၅၊ ၁၆၊ ၁၇) ရက်များအတွင်း ရက္ခိုင်ပြည်ရှိ သံတွဲ၊ ကျောက်တော်၊ ပလက်ဝ၊ စနဲနှင့် ပုဏ္ဏားကျွန်းမြို့နယ်များပေါ်သို့ လေကြောင်းမှာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့အတွက်ကြောင့် (၃) နှစ်အရွယ်ကလေးငယ် (၁) ဦးနှင့် ကိုယ်ဝန် (၅) လရှိ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၂၈ ဦးဒဏ်ရာရရှိသွားခဲ့ရသည်။
အာရက္ခတပ်တော်ထံ စစ်ရေးရှုံးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်း စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများဖြစ်သော စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ အစိုးရ အဆောက်အဦးများ၊ ပြည်သူများ သွားလာနေသည့် လမ်းတံတားများ၊ လူစည်ကားရာဈေးများ နှင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။