AB News – နိုဝင်ဘာ ၆၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ယမန်နေ့ ညဉ့်နက်ပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး အရပ်သား ပြည်သူအများအပြားဒဏ်ရာရရှိကြောင်း သိရသသည်။
ယမန်နေ့ နိုဝင်ဘာ ၅ ရက်၊ ည ၁၁ နာရီကျော်အချိန်ခန့်တွင် စစ်ကော်မရှင်တပ်သည် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် နန်းကျားကျေးရွာကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နန်းကျားကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန် ၄ လလွယ်ထားရသည့် ဒေါ်သဲသဲမွန် မှာ ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။ ထို့ပြင် ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အချို့လည်း ပြိုကျပျက်စီးခဲ့ရသည်။
“မနေ့က လေကြောင်းတိုက်ခိုက်မှုလုပ်တာမှာ ကျမတို့ အမျိုးအိမ်ပေါ်မှာ ဗုံးကျရောက်ပေါက်ကွဲခဲ့တာပါ။ အိမ်ကလူတွေ ဒဏ်ရာရသွားပြီး ဘေးအိမ်က ကိုယ်ဝန် ၄ လရှိပြီဖြစ်တဲ့ ဒေါ်သဲသဲမွန် က ပွဲချင်းပြီး သေဆုံးသွားပါတယ်။ နေအိမ်တစ်ခုလုံးလည်း ပြိုကျပျက်စီးသွားပါတယ်” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက AB News သို့ ပြောပြသည်။
နိုဝင်ဘာလဆန်းပိုင်းမှစ၍ စစ်ကော်မရှင်တပ်သည် ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနှင့် ဝီရဌာနီ မြို့နယ်များအတွင်းရှိ ဆေးရုံ၊ ဆေးခန်း၊ တံတားနှင့် လူနေကျေးရွာများကို လေကြောင်းမှ ဆက်တိုက် ပစ်မှတ်ထား ဗုံးကြဲလျက်ရှိရာ နိုဝင်ဘာ ၁ ရက်မှ ၅ ရက်နေ့အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အပါအဝင် သေဆုံးသူ ၁၅ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
စစ်ကော်မရှင်တပ်သည် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားနေသည့် စစ်မြေပြင် တိုက်ပွဲများတွင် အပြင်းအထန် အထိနာနေသဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများ စုဝေးရာ မြိုရွာများကို နေ့စဉ်ရက်ဆက် လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲလျက်ရှိသည်။
ရက္ခိုင်တွင် စစ်ကော်မရှင်က အပြစ်မဲ့ဒေသခံပြည်သူများနှင့် စစ်ရှောင်များကို လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အောက်တိုဘာလ တစ်လတာအတွင်း စုစုပေါင်း သေဆုံးသူ ၂၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၉၆ ထက်မနည်း ရှိခဲ့ကြောင်း Arakan Bay News ၏ စစ်တပ်ကောက်ချက်အရ သိရသည်။



