AB News – နိုဝင်ဘာ ၁၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ပိုင်း ဘူးသီးတောင်မြို့တွင် အယ်လ်နီညို (El Niño) ဖြစ်စဉ်နှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ပါတီ၊ ပါတီအမျိုးသမီးအင်အားစု၊ ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများ နှင့် အခြားဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာအတွင်း ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက်မြင့်တက်လာသည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဒေသအချို့တွင် အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း အသိပညာပေးလက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။
ထို့အပြင် အပူရှိန်ပြင်းထန်လာခြင်းကြောင့် အပူလွန်ကဲခြင်း၊ အပူလျှပ်ခြင်း (Heatstroke) နှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့ ဖြစ်ပွားနိုင်သည့်အပြင် မသန့်ရှင်းသောရေနှင့် အစားအစာများကို စားသုံးခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ ခြင်မှတစ်ဆင့် ကူးစက်သည့် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
ယင်းအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နေပူပြင်းချိန်တွင် အရိပ်ရပြီး အေးမြကာ လေဝင်လေထွက်ကောင်းသည့် နေရာများ၌ နေထိုင်ရန်၊ သန့်ရှင်းလတ်ဆတ်သော သစ်သီးဝလံများ စားသုံးရန်နှင့် နေရောင်အောက် သွားလာလှုပ်ရှားရာတွင် ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန်များ အသုံးပြုရန် အကြံပြုထားသည်။
ထို့အပြင် လေဝင်လေထွက်မကောင်းသည့် ထူထဲသောအဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ရန်၊ ရေဆာသည်အထိ မစောင့်ဘဲ ရေကို ပုံမှန်သောက်သုံးရန်နှင့် တစ်နေ့လျှင် ရေ ၂ ဒသမ ၅ လီတာမှ ၃ လီတာခန့် သောက်သုံးရန်လည်း အသိပညာပေးထားသည်။ ကော်ဖီနှင့် အရက်သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ကြောင်း ဖော်ပြထားသည်။
အလားတူ တစ်ပြိုင်နက်တည်းတွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်များကို သင့်လျော်သည့်နေရာများတွင် စိုက်ထူခြင်းနှင့် ကပ်ထားခြင်းများလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အယ်လ်နီညိုဖြစ်စဉ်နှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် လာမည့်ကာလများတွင် အပူချိန်ပိုမိုမြင့်တက်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလည်း လေးစားလိုက်နာကြရန် လိုအပ်ကြောင်း အသိပညာပေးထားသည်။
Photo – Hein Tun/AB News
















