AB News – နိုဝင်ဘာ ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဝီရဌာနီမြို့နယ်၊ သဝင်ချောင်းကျေးရွာကို စစ်ကော်မရှင်တပ်က ယနေ့ ညဉ့်အချိန်တွင် ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အများအပြား ပြိုကျပျက်စီးသွားကြောင်း သိရသည်။
ယနေ့ (နိုဝင်ဘာလ ၂၁ ရက်)၊ ညဉ့် ၁၂ နာရီ ၅ မိနစ်အချိန်ခန့်နှင့် ၁၂ နာရီ ၈ မိနစ်အချိန်တို့တွင် သဝင်ချောင်းကျေးရွာကို ဂျက်တိုက်လေယာဉ် ၁ စီးဖြင့် ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်အများအပြားလည်း ပြိုကျပျက်စီး ဆုံးရှုံးသွားခဲ့သည်။
အလားတူ ယမန်နေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁၀ နာရီခွဲခန့်မှ စတင်ကာ စစ်ကော်မရှင်တပ်သည် ဂျက်တိုက်လေယာဉ် ၇ စီးကို အသုံးပြု၍ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဒေသနှင့် အနီးတစ်ဝိုက်သို့ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ပေါ်တွင်လည်း ကင်းထောက်လေယာဉ်များ ပျံဝဲခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း စစ်ကော်မရှင်တပ်သည် သံတွဲ၊ ကျောက်တော်၊ ပလက်ဝ၊ စနဲနှင့် ပုဏ္ဏားကျွန်းမြို့နယ်များသို့ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် ကိုယ်ဝန် ၅ လရှိ အမျိုးသမီး ၁ ဦး အပါအဝင် အရပ်သား စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ရပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အာရက္ခတပ်တော် (AA) ထံ စစ်ရေးရှုံးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့် စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများ၊ လူစည်ကားရာ ဈေးများနှင့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများကို ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိသည်။
ပုံ – ONN




