သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို စစ်တပ်က နှစ်ရက်ဆက်တိုက် ဒရုန်းနှင့် စစ်သင်္ဘောများဖြင့် ပစ်ခတ်တိုက်ခိုက်၊ လူနေအိမ်အချို့ မီးလောင်ပျက်စီး

AB News – နိုဝင်ဘာ ၁၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနှင့် စစ်သင်္ဘောများ အသုံးပြု၍ နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူပိုင် လူနေအိမ်အချို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း အာရက္ခတပ်တော် AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် စစ်ကော်မရှင်တပ်သည် တောင်ငူစုရပ်ကွက်အတွင်းသို့ ဒရုန်း (Drone) များဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်အချို့ မီးလောင် ပျက်စီးသွားခဲ့သည်။

အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများပေါ်မှ တောင်ငူစုရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကြောင့်လည်း လူနေအိမ်အချို့ မီးလောင်ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့သည်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သည် စစ်ရေးပစ်မှတ် မဟုတ်သည့် လူနေရပ်ကွက်များအတွင်းသို့ ရေကြောင်းနှင့် ဝေဟင်မှ နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံ အများအပြား ထိခိုက်ဆုံးရှုံးခဲ့ရသည်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သည် နိုဝင်ဘာလ (၁၄၊ ၁၅၊ ၁၆၊ ၁၇) ရက်များအတွင်း ရက္ခိုင်ပြည်ရှိ သံတွဲ၊ ကျောက်တော်၊ ပလက်ဝ၊ စနဲနှင့် ပုဏ္ဏားကျွန်းမြို့နယ်များပေါ်သို့ လေကြောင်းမှာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့အတွက်ကြောင့် (၃) နှစ်အရွယ်ကလေးငယ် (၁) ဦးနှင့် ကိုယ်ဝန် (၅) လရှိ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၂၈ ဦးဒဏ်ရာရရှိသွားခဲ့ရသည်။

အာရက္ခတပ်တော်ထံ စစ်ရေးရှုံးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်း စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများဖြစ်သော စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ အစိုးရ အဆောက်အဦးများ၊ ပြည်သူများ သွားလာနေသည့် လမ်းတံတားများ၊ လူစည်ကားရာဈေးများ နှင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ပုံ – AA Info Desk

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ