
AB News – နိုဝင်ဘာ ၁၉၊ ၂၀၂၆
ကချင်ပြည်နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်နယ်မြေအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အာရက္ခတပ်တော် (AA) မှ ဗိုလ်လောင်း ၈ ဦး ကျဆုံးခဲ့ရသည့် ဖြစ်စဉ်သည် ယနေ့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ၁၂ နှစ်တိတိ ပြည့်မြောက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်အချိန်က ကချင်ပြည်နယ်၊ ဝေကြိုင်ဘွမ်ရှိ KIA ဗိုလ်လောင်းသင်တန်းကျောင်းဝင်းအတွင်းသို့ စစ်ကော်မရှင်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် ဗိုလ်သင်တန်းကျောင်း၌ စစ်ပညာသင်ယူ နေကြသည့် အာရက္ခတပ်တော် (AA) မှ ဗိုလ်လောင်း ၈ ဦးအပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့သည်။
အာရက္ခတပ်တော်မှ ကျဆုံးခဲ့သည့် ဗိုလ်လောင်းများမှာ စစ်တွေမြို့နယ်မှ ၃ ဦး၊ မင်းပြားမြို့နယ်မှ ၂ ဦး၊ ပေါက်တော၊ ကျောက်ဖြူနှင့် ကျောက်တော်မြို့နယ်မှ ၁ ဦးစီဖြစ်ကြောင်း သိရှိရသည်။
ကျဆုံးခဲ့ရသည့် ဗိုလ်လောင်းများမှာ ရန်လင်းစိုး၊ ရဲဝင်းထွန်း၊ ခိုင်ထွန်း၊ စောတင်၊ ကျော်ခန့်၊ အောင်အောင်သန်း၊ ထက်ထက်အောင်နှင့် သိန်းသန်းနိုင်တို့ဖြစ်ကြကြောင်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က စစ်ကော်မရှင်တပ် ပစ်လိုက်သော လက်နက်ကြီးကျည်ကျရောက်၍ တအန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ကျောင်းသားတပ်မတော် (ABSDF)တို့မှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့သည်မှာ ယနေ့ဆိုလျှင် ၁၂ နှစ်ပြည့်ပြီ ဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် ကျဆုံးခဲ့ရသည့် ဗိုလ်လောင်းများကို ဂုဏ်ပြုအောက်မေ့သည့်အနေဖြင့် အာရက္ခတပ်တော်နှင့် ရက္ခိုင်ပြည်သူများက နှစ်စဉ် နိုဝင်ဘာလ ၁၉ ရက်နေ့ ရောက်တိုင်း ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားများနှင့် ဂါရဝပြု အလေးပြုခြင်း အစီအစဉ်များကို ပြုလုပ်ခြင်း၊ ဗိုလ်လောင်းများလဲလျောင်းသည့် အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းခွေများချကာ ဂါရဝပြုခြင်း၊ တပ်စခန်းများတွင် အောင်လံတဝက်လွှင့်ခြင်းများကို နှစ်စဉ်နှစ်တိုင်းပြုလုပ် ပြုလုပ်လေ့ရှိသည်။