သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းရှိ ဗျာလစစ်ရှောင်စခန်း ဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၁၂ ဦးအထိ ရှိလာပြီး ၁၈ ဦး ဒဏ်ရာရ

AB News – နိုဝင်ဘာ ၁၄၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာနှင့် ယိုးငူကျေးရွာအကြားရှိ ဗျာလစစ်ရှောင်စခန်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ယမန်နေ့ ညနေပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့သဖြင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၂ ဦး သေဆုံးကာ ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက်) ညနေ ၇ နာရီခန့်အချိန်တွင် စစ်ကော်မရှင်တပ်၏ ဂျက်တိုက်လေယာဉ်သည် အပြစ်မဲ့ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေထိုင်ရာ ဗျာလစစ်ရှောင်စခန်းပေါ်သို့ ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ရိုက် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုကြောင့် စစ်ရှောင်စခန်းအတွင်း နေထိုင်သည့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၁၂ ဦးအထိ သေဆုံးခဲ့ရပြီး အခြား စစ်ဘေးရှောင် ၁၈ ဦးထက်မနည်းမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများနှင့် စာသင်ကျောင်းများကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ ညပိုင်းကလည်း မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်း ဗုံးကြဲခံရမှုကြောင့် ပညာရေးဝန်ထမ်းတစ်ဦး အပါအဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

ထို့အပြင် နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူနှင့် ကျောက်ဆိပ်ကျေးရွာအကြားရှိ စစ်ရှောင်နေရာများကို လေကြောင်းမှ တစ်နာရီကျော်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၄) ရက်၊ ညနေ (၅) နာရီ (၁၀) မိနစ်အချိန်ခန့်ကလည်း ၎င်းဗျာလစစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်များနှင့် ဈေးဆိုင်အများအပြား မီးလောင်ပျက်စီးသွားခဲ့ပြီး  စစ်ဘေးရှောင် အပြစ်မဲ့အရပ်သားပြည်သူ ပွဲချင်းပြီးသေဆုံးသူ (၆) ဦးနှင့် ဒဏ်ရာရရှိသူအချိုရှိခဲ့ကြောင်းသိရသည်။

ပုံ – လင်းရောင်ခြည်ဖောင်​ဒေးရှင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ