သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ဒေသထွက် ဖရဲသီးများ ဈေးကောင်းရရှိပြီး ရောင်းအားကောင်းနေ

AB News – နိုဝင်ဘာ ၁၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ဒေသထွက် ရာသီစာဖရဲသီးများကို ဝယ်ယူစားသုံးသူ များပြားနေသဖြင့် ဈေးကောင်းရရှိကာ ရောင်းအားကောင်းနေကြောင်း ဖရဲသီးရောင်းချသူများနှင့် စိုက်ပျိုးသူများထံမှ သိရသည်။

လက်ရှိတွင် ဖရဲသီးများကို အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် အနိမ့်ဆုံး ကျပ် ၈,၀၀၀ မှ ကျပ် ၁၀,၀၀၀၊ ကျပ် ၁၅,၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၁၈,၀၀၀ အထိ အသီးသီး ရောင်းချနေကြသည်။

ယခုအချိန်သည် ဖရဲသီးများ စတင်ထွက်ပေါ်လာသည့် ကာလဖြစ်သည့်အပြင် ဆောင်းရာသီစာအဖြစ် တကူးတက ဝယ်ယူစားသုံးသူ များပြားလာသဖြင့် တစ်ရက်လျှင် ကျပ် ၁၀ သိန်းဖိုးခန့်အထိ ရောင်းချနေရကြောင်း ဖရဲသီးရောင်းချသူတစ်ဦးက ပြောသည်။

” အခုက ဖရဲသီး ပေါ်စအချိန်လည်း ဖြစ်သလို ဆောင်းရာသီစာအဖြစ် တကူးတက ဝယ်စားကြသူတွေ များပါတယ်။ တစ်ရက်ကို ကျပ် ၁၀ သိန်းဖိုးလောက်အထိ ရောင်းနေရတော့ စီးပွားရေး တော်တော်လေး အဆင်ပြေပါတယ်” ဟု ၎င်းက AB News သို့ ပြောသည်။

တစ်ဖက်တွင် ဖရဲသီးစိုက်ပျိုးသူများအနေဖြင့် စိုက်ပျိုးချိန်အတွင်း ရာသီဥတုမမှန်ခြင်းနှင့် ပိုးမွှားကျရောက်မှုများအပြင် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းမြင့်တက်မှုကြောင့် အရင်းအနှီး အမြောက်အမြား ထည့်ဝင်ခဲ့ရကြောင်း သိရသည်။

သို့သော် ယခုလို ဖရဲသီးပေါ်စကာလတွင် ဈေးကောင်းရရှိနေသဖြင့် စိုက်ပျိုးသူများအတွက် အဆင်ပြေလျက်ရှိသည်ဟု ဆိုသည်။

မောင်တောမြို့နယ်မှ ဖရဲစိုက်တောင်သူတစ်ဦးက ” စိုက်ပျိုးတုန်းကတော့ ဓာတ်မြေဩဇာနဲ့ ဆေးဖိုးတွေ အဆမတန် ဈေးကြီးတော့ အရင်းအနှီး တော်တော်စိုက်ခဲ့ရတယ်။ ရာသီဥတုနဲ့ ပိုးမွှားအန္တရာယ်ကြောင့်လည်း စိုးရိမ်ခဲ့ရပေမဲ့ ခုလို ပေါ်စမှာ ဈေးကောင်းရတော့ စိုက်ပျိုးရတာ အဆင်​ပြေပါတယ်” ဟု ပြောသည်။

မောင်တောမြို့နယ်အတွင်း ဖရဲသီးကို ကန်ဘု၊ ဥဒေါင်းနှင့် ဧကရာဇ်ကျေးရွာတို့တွင် အဓိကထား စိုက်ပျိုးကြပြီး ရှစ်ငါးငါး (ခေါ်) ကျောက်စိမ်းနှင့် ဂျပန်ဖရဲသီးမျိုးများကို သီးထပ်သီးနှံအဖြစ် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

ထို့ပြင် ရက္ခိုင်ပြည်အတွင်းရှိ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင်လည်း ဖရဲသီးစိုက်ပျိုးကြပြီး ဘာဟူဘာလီ၊ ဒိုင်ယာနာ၊ ရှစ်ငါးငါး (ခေါ်) ကျောက်စိမ်းနှင့် ဟိုတယ်မျိုးများကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။

လက်ရှိ မောင်တောမြို့နယ်တွင် ရောင်းချနေသည့် ဒေသထွက် ရာသီစာဖရဲသီးများသည် ယမန်နှစ် ၂၀၂၅ ခုနှစ်ထက် ယခုနှစ်တွင် ရောင်းအားပိုမိုကောင်းမွန်နေကြောင်း ဖရဲသီးစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

Photo – Nwe Soe / AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ