သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝ-ကန်ပက်လက်ကြား ချောင်းဆုံကုန်ဆိပ်ကို စစ်တပ် ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ ကုန်သည်များအပါအဝင် ပြည်သူအစုလိုက်အပြုံလိုက်သေဆုံးဒဏ်ရာရ

AB News – အောက်တိုဘာ ၂၀၊ ၂၀၂၆

ပလက်ဝခရိုင်၊ ပလက်ဝမြို့နယ်နှင့် ကန်ပက်လက်မြို့နယ်ကြားရှိ ကုန်စည်စီးဆင်းရာ အဓိက ဗဟိုချက် ချောင်းဆုံကုန်ဆိပ်ကို စစ်ကော်မရှင်တပ်က အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ၂ ရက်ဆက်တိုက် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရရှိသွားခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကော်မရှင်တပ်သည် အောက်တိုဘာ ၁၉ ရက်၊ နံနက် ၁၁ နာရီခွဲမှ နေ့လယ် ၁၂ နာရီအတွင်း ဂျက်တိုက်လေယာဉ် ၂ စီး၊ Y-12 လေယာဉ် ၂ စီးတို့ဖြင့် ချောင်းဆုံကုန်ဆိပ်နှင့် အနီးဝန်းကျင်သို့ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ထို့အပြင် လမ်းပေါ်တွင် သွားလာနေကြသည့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ကားများကိုပါ လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ လိုက်လံပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၈ ရက်၊ နေ့လယ်ပိုင်းက ဂျက်တိုက်လေယာဉ် ၂ စီး၊ Y-12 ၁ စီးတို့ဖြင့် ပထမအကြိမ် လာရောက်ဗုံးကြဲခဲ့မှုအတွင်း သေဆုံးသူ အရေအတွက်မှာ ၈ ဦးအထိ မြင့်တက်လာခဲ့ပြီး ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သေဆုံးနှင့် ဒဏ်ရာရရှိသူများအနက် ကလေးသူငယ်များနှင့် အမျိုးသမီးများ အများဆုံး ပါဝင်နေကြောင်း သိရသည်။

အဆိုပါ ချောင်းဆုံကုန်ဆိပ်သည် စစ်ရေးပစ်မှတ် လုံးဝမဟုတ်ဘဲ ကုန်သည်များ၊ စျေးသွားစျေးဝယ်သူများ နေ့စဉ် စည်ကားလေ့ရှိသည့် စက်လှေဆိပ်များ၊ စားသောက်ဆိုင်များနှင့် ယာယီတည်းခိုခန်းများ တည်ရှိရာ အရပ်သားပြည်သူများ မှီခိုနေသည့် စီးပွားရေး အချက်အချာ နေရာဖြစ်သည်။

မကြာသေးမီက ကျောက်တော်မြို့ရှိ အိန္ဒိယဈေးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတိုင်း စစ်ကော်မရှင်တပ်သည် အရပ်သားများ အဓိက မှီခိုရာ ဈေးများနှင့် ကုန်ဆိပ်များကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်နေခြင်းဖြစ်သည်။

အောက်တိုဘာ ၁၉ ရက်၊ ဒုတိယနေ့ လေကြောင်းမှ ထပ်မံပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူနှင့် အပျက်အစီး အသေးစိတ်ကို AB News ဆက်လက် စုံစမ်းလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ