
AB News – နိုဝင်ဘာ ၃၊ ၂၀၂၆
အာရက္ခဒေသကို စစ်ကော်မရှင်တပ်မှ လေကြောင်းကနေ နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၇ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁ ရက်နေ့နှင့် နိုဝင်ဘာ ၂ရက်နေ့အတွင်း စစ်ကော်မရှင်တပ်မှ ကျောက်ဖြူမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နှင့် ပေါက်တောမြို့နယ်တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ နိုဝင်ဘာလ ၂ ရက်၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက်ဖြူမြို့နယ်၊ စနဲ့မင်းပြင်ကျေးရွာ အနီးဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းအား စစ်ကော်မရှင်တပ်၏ ဂျိုင်ရိုကော်ပတာတစ်စီးဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွင်း၌လည်း အပြစ်မဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ ၁၂ ဦး ရှိခဲ့ပြီး၊ တစ်နှစ်အထက် ကလေးငယ်များအပါအဝင် လူကြီး၊ လူငယ် စုစုပေါင်း ၃၂ ဦးအထိ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
မြောက်ဦးဒေသခံ အမျိုးသားတစ်ဦးက “လေယာဥ်နဲ့ ဗုံးလာကြဲတာတော့ နှစ်ရက်ဆက်တိုက် ရှိပြီ။ လူ့ဘဝဆိုတာဘာမှမသိသေးတဲ့ မွေးကင်းစ ကလေးငယ်တွေကအစ အသက်ဆုံးရှုံးခဲ့ရတယ်။ အခုဟာက စစ်ပွဲနဲ့ ဘာမှမသက်ဆိုင်တဲ့ ပြည်သူတွေနေတဲ့နေရာတွေနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ရည်ရွယ်ချက်ရှိရှိ လာပြီးတိုက်ခိုက်နေတာ။ နိုင်ငံတကာအနေနဲ့ ဒါကို အရေးယူပေးစေချင်တယ်” ဟု Arakan Bay News သို့ ပြောသည်။
ထို့ပြင် နိုဝင်ဘာလ ၁ ရက်တည်းတွင်ပင် စစ်ကော်မရှင်တပ်သည် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီဆေးကုခန်း၊ အမျိုးသမီး သားဖွားဆောင်နှင့် ကျောက်တော်မြို့နယ်၊ ဝါးတောင်နှင့် ပန်းဖဲချောင်းကျေးရွာများကို ဆက်သွယ်ထားသော အများပြည်သူသုံး တံတား ၁ စင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်ကော်မရှင်တပ်သည် စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူသုံး ဆေးရုံ၊ ဆေးခန်း၊ လမ်း၊ တံတားနှင့် စာသင်ကျောင်းများကို လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ကြောင်း ကျောက်တော်ဒေသခံများက ပြောဆိုကြသည်။
“အခုလိုမျိုး စစ်ရေးနဲ့မသက်ဆိုင်တဲ့ ဆေးရုံ၊ စာသင်ကျောင်းနဲ့ လမ်းတံတားတွေကို လာရောက်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာပဲ။ အခုဆို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေတောင် ဆေးရုံ၊ ဆေးခန်းတွေမှာ ကလေးမမွေးရဲတော့ဘူး။ ကျောင်းသားတွေဆိုရင်လည်း စာသင်ကျောင်းတွေမှာ စာမသင်ရဲကြတော့ဘူး။ ဘာမှမသိတဲ့ အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်ရတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။
အကြမ်းဖက် စစ်ကောင်မရှင်တပ်သည် အာရက္ခတပ်တော် (AA) အား ထိုးစစ်ဆင်တိုက်ခိုက်နေသော မြေပြင်စစ်မျက်နှာပြင်တွင် အထိအခိုက်၊ အကျအဆုံးများဖြင့် အရှုံးများနှင့် ရင်ဆိုင်နေရသဖြင့် အာရက္ခပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်လာကာ အကြမ်းဖက်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။