
AB News – နိုဝင်ဘာ ၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင် (အောက်) ကျေးရွာကို စစ်ကော်မရှင်တပ်က ယနေ့ နံနက်အစောပိုင်းတွင် လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၅၀ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဦးပညာဗလ ဒဏ်ရာရရှိသွားခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်လည်း ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၃ ရက်၊ နံနက်အစောပိုင်း ၁ နာရီ ၅၆ မိနစ်မှ ၂ နာရီ ၁ မိနစ်အချိန်အတွင်း စစ်ကော်မရှင်တပ်သည် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဦးစွန်းတောင် (အောက်) ကျေးရွာအတွင်းသို့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် သက်တော် ၅၀ နှစ်ရှိ ဘုန်းကြီးကျောင်းထိုင်ဆရာတော် ဦးပညာဗလ ၏ လက်မောင်းနှင့် နှာခေါင်းတို့တွင် ဗုံးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် လက်ရှိတွင် ဆေးဝါးကုသမှု ခံယူနေရသည်။ ထို့ပြင် ဘုန်းကြီးကျောင်းဆောင်မှာလည်း ဗုံးဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့ရသည်။
အလားတူ လွန်ခဲ့သည့် နိုဝင်ဘာ ၁ ရက်၊ ညဉ့်သန်းခေါင်ယံ ၁၁ နာရီခွဲမှ ၁၂ နာရီ ၄၀ မိနစ်အထိ စစ်ကော်မရှင်တပ်သည် ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်နှင့် ၎င်း၏ ပတ်ဝန်းကျင်ရှိ စစ်တပ်စခန်းဟောင်းများဖြစ်သည့် ခမရ (၅၃၉) နှင့် အမတ (၃၇၇) တို့ကို ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် ၁၃ ကြိမ် အုပ်စုလိုက် ဗုံးကြဲခဲ့သည့်အပြင် Y-12 လေယာဉ်ဖြင့်လည်း ဗုံးအလုံးရေ ၃၀ ခန့် ဆက်တိုက် ကြဲချခဲ့သည်။
ထို့အပြင် နိုဝင်ဘာ ၁ ရက်နေ့တစ်ရက်တည်းမှာပင် စစ်ကော်မရှင်တပ်သည် ကျောက်တော်မြို့နယ် ယိုးချောင်းတံတားနှင့် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီသားဖွား ဆေးကုခန်းကို လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲခဲ့သဖြင့် မွေးကင်းစ ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ အရပ်သား ၁၂ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရရှိခဲ့သည့် သမိုင်းဝင် စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်။
စစ်ကော်မရှင်တပ်သည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်များကြောင့် မြေပြင် စစ်မျက်နှာတိုင်းတွင် အကျအဆုံး များစွာဖြင့် အရေးနိမ့်နေသဖြင့် အရပ်သား ပြည်သူများ၊ ဘာသာရေး အဆောက်အအုံများနှင့် ဘုန်းကြီးကျောင်းများကိုပါမကျန် ပစ်မှတ်ထားကာ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိသည်။