သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့၊ ကြက်‌ဈေးရပ်ကွက် ဗုံးကြဲခံရမှုအတွင်း ထိခိုက်သေဆုံးသူများစာရင်း AA ထုတ်ပြန်

AB News –  နိုဝင်ဘာ ၁၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦး​မြို့ပေါ်ရှိ ကြက်ဈေးရပ်ကွက်ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူများစာရင်းအား အာရက္ခတပ်တော် (AA) က ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်၊ ည‌ ၈ နာရီ ၄၉ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ကြက်စျေးရပ်ကွက်ရှိ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံကို ​လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး (၇) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင်ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦး အထိရှိခဲ့ကြောင်းသိရသည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ၂ ဦးမှာ ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ အသက် (၂၀) နှစ် အရွယ် မောင်ဇော်ဟိန်းသူနှင့် မြောက်ဦးမြို့နယ်၊ မင်္ဂလာစည်ကျေးရွာမှ အသက် (၂၃) နှစ် အရွယ် မနုနုဝင်း တို့ဖြစ်ကြသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မောင်အောင်သန့်ဟိန်း (၇) နှစ်၊ ဒေါ်လင်းသု (၃၀) နှစ်၊ ဒေါ်နှင်းဦး (၃၃) နှစ်၊ ဒေါ်နုနုအေး (၆၁) နှစ်၊ ဦးမောင်ဝင်းစိန် (၆၈) နှစ်နှင့် ယင်းတို့အနက် မောင်မျိုးနိုင်ထွန်း (၂၀) နှစ်၊ မောင်မျိုးချစ်မောင် (၂၁) နှစ် နှင့် ကိုမင်းဖြိုးထွန်း (၂၉) နှစ်တို့ (၃) ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အလားတူ ၎င်းရပ်ကွက်ရှိစစ်ဘေးရှောင်များခိုလှုံနေကြသည့် စာ‌သင်ကျောင်းဆောင်နှင့် သာသနိကအဆောက်အအုံတစ်ချို့လည်း ပြိုယွင်းပျက်စီးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (၁) ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၂) ဦး အထိရှိခဲ့သည်။

စစ်ကော်မရှင်တပ်သည် စစ်ရေးအရမြေပြင်တွင် ရှုံးနိမ့်လျက်ရှိသောကြောင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သား​ပြည်သူများနေထိုရာ မြို့ရွာများ၊ ဈေး၊ စာသင်ကျောင်းဆောင်များနှင့် သာသနိကအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။

ပုံ – AA Info Desk

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ