သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး၊ ဝေသာလီကျေးရွာ အနီးရှိ တဲအတွင်း၌ အမည်မသိ အမျိုးသား ရုပ်အလောင်းတစ်လောင်း တွေ့ရှိ

AB News – နိုဝင်ဘာ ၁၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာအနီးရှိ တဲအတွင်း၌ ပုတ်ပွနေသည့် အမည်မသိ အမျိုးသား ရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၀ ရက်) ညနေ ၃ နာရီအချိန်ခန့်တွင် ဝေသာလီကျေးရွာမှ တဲပိုင်ရှင် အသက် ၅၀ နှစ်အရွယ် ဦးစံရွှေမောင်သည် ကျေးရွာအနီးရှိ လယ်ကွင်းအတွင်းသို့ ဓာတ်မြသြဇာကြဲရန် သွားရောက်စဉ်တွင် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တဲပိုင်ရှင် ဦးစံရွှေမောင်က “ကျနော်က လယ်ထဲမသွားတာ ၅ ရက်လောက် ရှိပြီ။ တောင်နားမှာ နွားကျောင်းသွားနေတာ။ အဲဒါ နွားယူလို့ ပြန်ရောက်တဲ့အချိန်မှာ ကျနော့်ဇနီးက လယ်ထဲကို မြေသြဇာကြဲဖို့ သွားခိုင်းလို့ ကျနော် လာတာပါ။ မြေသြဇာကြဲပြီးတဲ့နောက် ကျန်နေတဲ့ မြေသြဇာတွေကို တဲထဲကို ပြန်သွင်းတဲ့အခါ တဲအထက်မှာ သစ်ရွက်ခြောက်တွေနဲ့ အဝတ်အစားတွေကို မြင်တယ်။ နောက်မှ ပုတ်ပွနံ့ စော်နေတဲ့အနံ့ကို ရတာကြောင့် သွားရှာကြည့်ရာမှာ အဲဒီရုပ်အလောင်းကို တွေ့တာပါ” ဟု AB News သို့ ပြောပြသည်။

ယင်းနောက် တဲပိုင်ရှင် ဦးစံရွှေမောင်သည် ရုပ်အလောင်း တွေ့ရှိရသည့် ဖြစ်စဉ်ကို ရပ်ရွာအုပ်ချုပ်ရေးမှူးထံ သွားရောက် တိုင်ကြားခဲ့ပြီး၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) သို့ ဆက်လက် တိုင်ကြားခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားသည် မသေဆုံးမီ အချိန်က ဝေသာလီရွာဦးရှိ တံတားနှင့် ဘုရားအနီးရှိ ပိတောက်ပင်အောက်တွင် လာရောက်အိပ်စက်ခဲ့ဖူးကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ဇံဖြူက ဆိုသည်။

“တနင်္ဂနွေနေ့ ညနေပိုင်းအချိန်လောက်မှာ ကျနော့်အိမ်အနီးနားမှာ လာအိပ်နေတယ်ဆိုပြီး ကလေးတွေ လာပြောလို့ ကျနော် သွားကြည့်တယ်။ အဲဒီလူလက်ထဲမှာ သစ်ခက်တစ်စည်းကို ဝါးနှီးတွေနဲ့ ချည်ထားတာကို တွေ့ရတယ်။ အခု သေဆုံးသူရဲ့လက်ထဲမှာလည်း အဲဒီပစ္စည်းကိုပဲ ထပ်တွေ့ရတယ်။ အဲဒီလူက ဘယ်ကလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ တံတားဦးနားနဲ့ ပိတောက်ပင်နားမှာ လာအိပ်ခဲ့တာပါ။ သေဆုံးသူရဲ့ အနေအထားမှာ အသက်မသေဆုံးမီ ခန္ဓာကိုယ်ကို ရုန်းကန်ရင်း တဲထရံမှ ယိုဆင်းခဲ့ရပုံပေါ်ပြီး ခန္ဓာကိုယ်မှာတော့ ဒဏ်ရာဒဏ်ချက်တွေ မတွေ့ရပါဘူး” ဟု ၎င်းက ဆက်လက် ပြောပြသည်။

လက်ရှိတွင် သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းမှာ အလွန် ပျက်စီးပုတ်ပွနေပြီဖြစ်ပြီး ယခုအချိန်အထိ မိသားစုဝင်များ သို့မဟုတ် ပိုင်ရှင် အတည်ပြု မပေါ်သေးပေ။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ