
AB News – နိုဝင်ဘာ ၁၄၊ ၂၀၂၆
ရက္ခိုင်ရှိ သိမ်းပိုက်ရန်ကျန်ရှိနေသော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့ (၃) မြို့ကို ဆက်လက်သိမ်းပိုက်ရရှိနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု အာရက္ခတပ်တော် (AA) က ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရက္ခိုင်ပြည်၌ တစ်ကျော့ပြန်တိုက်ပွဲများမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ၃ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။
အာရက္ခဘိုးဘွားပိုင် ဘူမိနက်သန်ပိုင်နက်နယ်မြေများအား စစ်ကော်မရှင်ထံမှ တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်ရယူနိုင်ရေးအတွက် ရက္ခိုင်ပြည်ရှိ စစ်ကော်မရှင်တပ်သားမှန်သမျှအား ချေမှုန်းသုတ်သင်လျက်ရှိသည်ဟုလည်း ထိုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် အမိန့်နာခံကာ သတ္တိရှိပြီး နေရာမရွေး၊ တာမရွေး တိုက်ပွဲဝင်နေကြသော အာရက္ခစစ်သည်တော်များနှင့် ထိုစစ်သည်တော်များအား မွေးထုတ်ပေးလိုက်သော မိခင်များကိုပါ လေးနက်စွာဂုဏ်ပြုကြောင်း ဖော်ပြထားသည်။
ထို့အတူ “ရက္ခိတလမ်းစဉ်” အထမြောက်စေရန်အတွက် မိမိတို့၏ ဘဝ၊ အသက်စည်းစိမ်းများနှင့် သား/သမီး ရင်သွေးရတနာများကိုပါ ပေးဆပ်ပြီး ၃ နှစ်တာ တိုက်ပွဲကာလများအတွင်း ကြံ့ကြံ့ခံရပ်တည်ပေးခဲ့ကြသော ကမ္ဘာအရပ်ဒေသအသီးသီးရှိ အာရက္ခပြည်သူလူထုတစ်ရပ်လုံးအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA)က ဂုဏ်ပြုကြောင်းကိုလည်း ဖော်ပြထားသည်။
အလားတူ တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့၏ ဌာနဆိုင်ရာ၊ ကဏ္ဍအသီးသီး၌ တာဝန်ကျေပွန်စွာထမ်းဆောင်နေကြသော ပြည်သူ့ဝန်ထမ်းများကိုလည်း ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင် သိမ်းပိုက်ရန်ကျန်ရှိနေသောမြို့သိမ်းတိုက်ပွဲများအား ဆက်လက်ဆင်နွှဲလျက်ရှိပြီး ကျန်ရှိနေသေးသော အာရက္ခဘိုးဘွားပိုင်နယ်မြေများအား အရက္ခပြည်သူများထံ မကြာခင်ပေးအပ်သွားမည်ဟု အာရက္ခတပ်တော် (AA) က ဆိုသည်။