AB News – နိုဝင်ဘာ ၁၇၊ ၂၀၂၆
ချင်းပြည်သူ့အစည်းအရုံး (CPU) နှင့် ချင်းပြည်သူ့တပ်မတော် (CPA) တို့၏ တော်လှန်ရေးရည်မှန်းချက်များ အောင်မြင်ရေးအတွက် မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ခိုင်မာအားကောင်းအောင် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA က ကတိပြုထားသည်။
CPU/CPA ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ULA/AA က ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်သူ့အဖွဲ့အစည်းနှင့် တပ်မတော်တို့၏ တော်လှန်ရေးကြိုးပမ်းမှုများအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြထားသည်။
အဆိုပါသဝဏ်လွှာတွင် စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မျိုးမဆို ချုပ်ငြိမ်းရေး၊ ချင်းပြည်သူလူထု၏ မွေးရာပါအခွင့်အရေးဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် CPU နှင့် CPA တို့၏ ရည်မှန်းချက်များ အောင်မြင်စေရန် ဆုတောင်းထားသည်။
ထို့ပြင် တော်လှန်ရေးကာလအတွင်း ကြုံတွေ့နေရသည့် အခက်အခဲများကို စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကျော်လွှားနိုင်ရန် တိုက်တွန်းထားပြီး မိတ်ဖက်ဆက်ဆံရေးများ ပိုမိုခိုင်မာအားကောင်းလာစေရန်လည်း အလေးထားဖော်ပြထားသည်။
ချင်းပြည်သူ့တပ်မတော်၏ စစ်ရေးစွမ်းရည်နှင့် တိုက်ခိုက်ရေးစွမ်းရည်များ တိုးတက်လာမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြထားသည့်အပြင် ပြောင်းလဲတိုးတက်လာသည့် နည်းပညာခေတ်နှင့်အညီ စစ်ရေးစွမ်းရည်များကို ဆက်လက်မြှင့်တင်သွားရန်လည်း တိုက်တွန်းထားသည်။
တပ်ဖွဲ့အတွင်း စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံမှု၊ စစ်အင်အား၊ စစ်လက်နက်ခဲယမ်းနှင့် တစ်သွေးတစ်သံတစ်မိန့် စည်းလုံးညီညွတ်မှုတို့ကို ခိုင်မာအားကောင်းအောင် တည်ဆောက်ထားကြရန်လည်း ULA/AA က တိုက်တွန်းထားသည်။
ထို့အပြင် တော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားကြသည့် ချင်းအာဇာနည်ရဲဘော်များ၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ ပေးဆပ်ခဲ့ကြသည့် ရဲဘော်ရဲမေများနှင့် ချင်းပြည်သူလူထုကို ကာကွယ်ရန် တာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုများကိုလည်း ULA/AA က အသိအမှတ်ပြုဂုဏ်ပြုထားသည်။
ခက်ခဲကြမ်းတမ်းသည့် တော်လှန်ရေးခရီးအတွင်း အိမ်နီးချင်းမိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းနှင့် ညီရင်းအစ်ကိုကောင်း စိတ်ဓာတ်ဖြင့် မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍများမှ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ULA/AA က ကတိပြုထားသည်။


