သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
CPU/CPA များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန်ကာကွယ်သွားမည်ဟု ပြောဆို

AB News – အောက်တိုဘာ ၂၁၊ ၂၀၂၆

ပလက်ဝခရိုင်၊ ပလက်ဝမြိုနယ်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသည့်အတွက် CPU/CPA များအနေဖြင့် ၎င်းတို့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန် ဆက်လက်ကာကွယ်သွားမည်ဟု ပြောဆိုလိုက်သည်။

ချင်းပြည်သူ့အစည်းအရုံး (CPU) ထိန်းချုပ်နယ်မြေများဖြစ်သည့် မင်းတပ်၊ ကန်ပက်လက်၊ ရွှေအောင်သာ စသည့် စစ်မျက်နှာများအပြင် ကျင်ဒွေးမြို့သို ဦးတည်၍ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်များကို CPA နှင့် မဟာမိတ် ပူးပေါင်းတပ်များက ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်ခဲ့သည်။

ယင်းသို မြေပြင်စစ်ရေးတွင် အပြင်းအထန် အထိနာနေသည့် စစ်ကော်မရှင်တပ်သည် ရှုံးမဲ့မဲ့ကာ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်သည့် လူနေအိမ်များ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦများနှင့် ဈေးဆိုင်ခန်းများကို သူရဲဘောကြောင်စွာ နေ့ညမရွေး လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း CPU က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပလက်ဝမြိုနယ်၊ ဒိုင်ရ်ဒေသအတွင်းရှိ ပီချောင်းဆုံနှင့် လုံးတူရွာတို့ကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်များ၊ Y-12 များဖြင့် ဗုံးသီး ၁၁၄ လုံးကျော်အထိ ကြဲချခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် နိုစို့အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦး သေဆုံးခဲ့ရပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့်အပြင် ဈေးဆိုင်ခန်းများစွာလည်း ပျက်စီးသွားခဲ့ရသည်။

ယခုကဲ့သို စစ်ကော်မရှင်၏ အကြမ်းဖက် လုပ်ရပ်များအပေါ် CPU/CPA အနေဖြင့် ပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်ပြီး မိမိတို၏ ရေမြေတောတောင်နှင့် ပြည်သူ့အသက်အိုးအိမ်များကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမည်ဟု အသိပေးပြောဆိုထားသည်။

ထိုအပြင် မြေပြင်တွင် အရေးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် လေကြောင်းမှ ထပ်မံ၍ သူရဲဘောကြောင်စွာ တိုက်ခိုက်လာနိုင်သဖြင့် CPU ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးသတိပြု၍ ဂရုစိုက် နေထိုင်ကြပါရန်လည်း ထပ်မံတိုက်တွန်းထားသည်။

ပုံ – CPU/CPA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ