AB News – အောက်တိုဘာ ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဝီရဌာနေမြို့ပေါ် ရပ်ကွက်များနှင့် အနီးဝန်းကျင် ကျေးရွာ (၂) ရွာကို စစ်ကော်မရှင်တပ်က ယမန်နေ့ညတွင် Y-12 ဗုံးကြဲလေယာဉ်ဖြင့် ဆက်တိုက် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ယမန်နေ့ အောက်တိုဘာ ၂၀ ရက်၊ ည ၉ နာရီ ၁၅ မိနစ်မှစ၍ ညဉ့်နက်ပိုင်းအထိ Y-12 လေယာဉ်ဖြင့် အကြိမ်ကြိမ် လာရောက်ကာ ဝီရဌာနေမြို့ပေါ်နှင့် ကျေးရွာများကို ဗုံးအလုံးရေ ၃၆ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဗုံးကြဲမှုကြောင့် ဝီရဌာနေမြို့နယ်၊ ပြားသူကြွယ်ကျေးရွာမှ အသက် (၃၇) နှစ်အရွယ် ဒေါ်ခင်ရွှေဦးနှင့် အသက် (၄၂) နှစ်အရွယ် ဦးနိုင်ဝင်းတို့သည် အပြင်းထန်ဒဏ်ရရှိပြီး သေဆုံးခဲ့ကြောင်းလည်း သိရသည်။
၎င်းတို့ (၂) ဦးသည် ယမန်နေ့ည (၉) နာရီ (၃၀) မိနစ် အချိန်တွင် ပြားသူကြွယ်ကျေးရွာကို Y- 12 ဖြစ် ဗုံး (၂) လုံးကြဲချမှုကြောင့် ဗုံးစထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒဏ်ရာရရှိသူများမှာ ဝီရဌာနေမြို့၊ အကွက် (၁) ရပ်ကွက်ရှိ အသက် (၁၂) နှစ်အရွယ် မမြတ်မြတ်ဝေ နှင့် အကွက် (၄) ရပ်ကွက်ရှိ အသက် (၁၆) နှစ်အရွယ် မောင်စစ်ငြိမ်းနိုင်တို့အပြင် ပြားသူကြွယ်ကျေးရွာရှိ အသက် (၃၈) နှစ်အရွယ် ဒေါ်ခင်ယဥ်နု၊ အသက် (၄၅) နှစ်အရွယ် ဦးမောင်ဆန်းယု၊ လက်ပံပြားကျေးရွာရှိ အသက် (၄၅) နှစ်အရွယ် ဦးထွန်းကျော်စိန်နှင့် အကွက် (၄) ရပ်ကွက်ရှိ အသက် (၅၃) နှစ်အရွယ် ဦးဘသာ တို့ဖြစ်ကြသည်။
ထို့ပြင် ယမန်နေ့ ည (၉) နာရီ (၅၃) မိနစ်အချိန်တွင် ဝီရဌာနီမြို့အနီးတစ်ဝိုက်ကို ဗုံးအလုံးရေ (၃၀) ခန့်ကြဲချခဲ့ပြီး၊ (၁၀) နာရီ (၃၀) မိနစ်အချိန်တွင် ဝီရဌာနီမြို့နယ် လက်ပံပြားကျေးရွာကို ဗုံးအလုံးရေ (၄) လုံးကြဲချခဲ့ကြောင်းလည်း သိရသည်။
အလားတူ ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက် ၃ နာရီမှ ၄ နာရီကျော်အချိန်ထိ ကျောက်တော်မြို့နယ် ဦးစွန်းတောင်ကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံး ၆၅ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့သေးသည်။
ပြီးခဲ့သည့် အောက်တိုဘာ (၁၈) ရက်နှင့် (၁၉) ရက်နေ့တို့တွင်လည်း စစ်ကော်မရှင်တပ်သည် ပလက်ဝမြို့နယ်ရှိ ချောင်းဆုံကုန်ဆိပ်ကို (၂) ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နို့စို့အရွယ်ကလေးငယ်နှင့် ကုန်သည်များအပါအဝင် ပြည်သူစုစုပေါင်း ၉ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်း လက်လွှတ်ဆုံးရှုံးထားရသည့် မြို့နယ်များကို ပြန်လည်ရရှိရန် စစ်တွေ၊ ကျောက်ဖြူ၊ ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် ချင်းပြည်နယ်တို့မှ စစ်ကြောင်း ၇ ခုဖြင့် ထိုးစစ်ဆင်လျက်ရှိသော်လည်း အာရက္ခတပ်တော် (AA) ၏ ခုခံစစ်ကြောင့် စစ်မြေပြင်တွင် အကျဆုံးများစွာဖြင့် ဆုတ်ခွာနေရသည်။
ထိုသို့ စစ်ရေးအရ အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်သည် စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သားပြည်သူများနေထိုင်ရာ နေရာများနှင့် ကျေးရွာအနီးဝန်းကျင်များကို နေ့စဉ်ရက်ဆက်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် ရက္ခိုင်ပြည်အတွင်း အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။
ပုံစာ – အောက်တိုဘာလ ၂၀ ရက်နေ့ ဝီရဌာနေမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများကို စစ်တပ်၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူများနှင့် အပျက်စီးများအားတွေ့ရစဥ် (ပုံ – ABN)


