သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အယ်လ်နီညို အားအကောင်းဆုံးကာလ ရောက်လာနိုင်ပြီး ရက္ခိုင်ကမ်းရိုးတန်းတွင် မိုးကြီး၊ လေပြင်းအန္တရာယ် သတိပြုရန်လို

AB News – အောက်တိုဘာ ၂၁၊ ၂၀၂၆

လာမည့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအတွင်း အယ်လ်နီညိုဖြစ်စဉ် အားကောင်းနေမှုနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေတို့ကြောင့် ရက္ခိုင်ပြည် ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ပင်လယ်ပြင်လှိုင်းကြီးခြင်းတို့ကို အထူးသတိပြုရန် လိုအပ်သည်။

NOAA CPC ၏ ခန့်မှန်းချက်အရ အယ်လ်နီညိုသည် လာမည့် ၂၀၂၆ ခုနှစ် နိုဝင်ဘာ မှ ၂၀၂၇ ခုနှစ် မတ်လ (JFM 2027) ထိ Strong-to-Very Strong El Niño အဆင့်တွင် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း ၈၃% ထက်မနည်းသော စိတ်ချရမှုဖြင့် အတည်ပြုထားကြောင်း MM weather ၏ ထုတ်ပြန်ချက်အရသိရသည်။

၃ လပတ် Relative Oceanic Niño Index (RONI) အညွှန်းကိန်းအရ ၂၀၂၆ ခုနှစ် အောက်တိုဘာ-ဒီဇင်ဘာ (OND) တွင် ၈၃% နှင့် နိုဝင်ဘာ-ဇန်နဝါရီ (NDJ) တွင် ၇၀% အထိ ခဲ့ဖူးသမျှ အယ်လ်နီညိုဖြစ်စဉ်များအနက် သမိုင်းဝင် အားအကောင်းဆုံး အဆင့် (Index ≥ +2.5°C) သို့ ရောက်ရှိနိုင်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၇ ခုနှစ် နွေဦးအကူး မတ်-မေ (MAM) ကာလမှစ၍ အယ်လ်နီညို စတင် အားပျော့လာမည်ဖြစ်ပြီး၊ ဧပြီ-မေ-ဇွန် (AMJ) နှင့် မေ-ဇွန်-ဇူလိုင် (MJJ) လများတွင် Neutral (ပုံမှန်အခြေအနေ) သို့ ရောက်ရှိသွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အယ်လ်နီညိုဆိုသည်မှာ အီကွေတာပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် မြင့်တက်လာသည့် ရာသီဥတုဖြစ်စဉ်ဖြစ်ပြီး ကမ္ဘာ့ဒေသအသီးသီးတွင် မိုးရွာသွန်းမှုပုံစံနှင့် အပူချိန်များကို ပြောင်းလဲစေနိုင်သည်။

NOAA CPC ၏ အောက်တိုဘာ ၂၀ ရက်ထုတ် Global Tropics Hazards Outlook တွင် အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၁၀ ရက်အတွင်း အိန္ဒိယသမုဒ္ဒရာ၌ Madden-Julian Oscillation (MJO) လှုပ်ရှားမှုနှင့် အားကောင်းလာသည့် Positive Indian Ocean Dipole (+IOD) တို့၏ သက်ရောက်မှုကို ဖော်ပြထားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်အတွင်း အပူပိုင်းမုန်တိုင်းဖြစ်ပေါ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းရှိကြောင်း JTWC ၏ ခန့်မှန်းချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

မုန်တိုင်း သို့မဟုတ် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပါက ၎င်း၏ တည်နေရာ၊ ရွေ့လျားရာလမ်းကြောင်းနှင့် အားကောင်းမှုအပေါ်မူတည်၍ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနှင့် မောင်တောအပါအဝင် ရက္ခိုင်ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ပင်လယ်ပြင်လှိုင်းကြီးခြင်းနှင့် မြေနိမ့်ပိုင်းများ၌ ရေဝင်ရောက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

အယ်လ်နီညို၏ သက်ရောက်မှုသည် လာမည့်နှစ် နွေဦးကာလအထိ ဆက်လက်ရှိနေနိုင်သဖြင့် ၂၀၂၇ ခုနှစ် မတ်လနှင့် ဧပြီလများအတွင်း အပူချိန်မြင့်တက်မှု၊ မြေဆီလွှာအစိုဓာတ် လျော့နည်းမှုနှင့် ရေအရင်းအမြစ်အပေါ် ဖိအားများကိုလည်း ကြိုတင်ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။သ

ရက္ခိုင်ပြည်အတွင်း ကမ်းရိုးတန်းနေပြည်သူများ၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ရေလမ်းခရီးသွားလာသူများအနေဖြင့် မုန်တိုင်းသတိပေးချက်များကို အနီးကပ်စောင့်ကြည့်ပြီး လေပြင်းနှင့် လှိုင်းကြီးနိုင်သည့် အခြေအနေများတွင် ပင်လယ်ပြင်သို့ မထွက်ခွာရန်၊ လိုအပ်ပါက ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် အရေးကြီးသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ