
AB News – ဇူလိုင် ၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် ယနေ့ ဇူလိုင်လ ၉ ရက်၊ နံနက်ပိုင်းက ရေစီးသန်နေသော တောင်ကျချောင်းကူးတံတားကို ဖြတ်ကူးစဉ် ခြေချော်ပြုတ်ကျ၍ အမျိုးသမီးတစ်ဦး ရေနစ်မြုပ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သူမှာ ဘူးသီးတောင်မြို့နယ်၊ အောက်ကြွီချောင်းကျေးရွာမှ အဖ ဦးဆန်းဝင်း၏ သမီး အသက် ၄၁ နှစ်အရွယ် ဒေါ်လှမေ ဖြစ်ကြောင်း သိရသည်။
၎င်းသည် ယနေ့ နံနက် ၇ နာရီခန့်အချိန်တွင် သားဖြစ်သူအား ကျောင်းအပ်နှံရန် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဒေါ်သန်းမြနှင့်အတူ အောက်ကြွီချောင်းရွာမှ ထွက်ခွာလာခဲ့ကြသည်။
ထိုသို့ ထွက်ခွာလာရာ နံနက် (၀၈:၀၀) နာရီအချိန်ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ကျွန်းပေါက် (မူဆလင်) ကျေးရွာ၏ အနောက်ဘက် မီတာ (၃၀၀) ခန့်အကွာရှိ အကျယ် ၆ ပေခန့်ရှိသော တောင်ကျချောင်းကူးတံတားသို့ အရောက် ဖြတ်ကူးကြစဉ် ရေစီးသန်မှုကြောင့် အမျိုးသမီးနှစ်ဦးစလုံး တံတားပေါ်မှ ခြေချော်ပြီး ရေထဲသို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အုပ်ချုပ်ရေးမှူးဇနီးဖြစ်သူ ဒေါ်သန်းမြမှာ ရေထဲမှ ပြန်လည်ပေါ်လာခဲ့သော်လည်း ဒေါ်လှမေ မှာမူ ၎င်း၏ခန္ဓာကိုယ်တွင် ပစ္စည်းအလေးအလံများ ထည့်ထားသည့် ခြင်းတောင်းတစ်လုံး လွယ်ထားမိခြင်းကြောင့် ရေစီးနှင့်အတူ နစ်မြုပ်ပျောက်ဆုံးသွားခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ဒေါ်လှမေ၏ ရုပ်အလောင်းအား တွေ့ရှိ၍ ဆယ်ယူရရှိထားပြီဖြစ်ကြောင်း သေဆုံးခဲ့သူနှင့် ဆွေမျိုးတော်စပ်သူများက အတည်ပြုပြောဆိုသည်။