5
ရက္ခိုင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ဦးမြို့နယ်က စစ်ဘေးရှောင် လူဦးရေ ၂၀၀ ကျော် နေထိုင်နေကြတဲ့ ဂါရာတောင်စစ်ဘေးရှောင်စခန်းဟာ ရေတဖြည်းဖြည်း နစ်မြုပ်လာတာဟာ ယနေ့ ဇူလိုင်လ ၉ ရက်နေ့မှာဆိုရင် စခန်းတစ်ခုလုံးနီးပါ ရေနစ်မြုပ်နေပါပြီ။
အခုဆိုရင် စခန်းအတွင်းမှာ ရေအမြင့်ပေ ၆ ပေကျော်အထိ မြှင်တက်နေပြီဖြစ်တဲ့အတွက်ကြောင့် စခန်းအတွင်းမှာနေထိုင်နေကြတဲ့ စစ်ဘေးရှောင် တချို့ကို ဘုန်းတော်ကြီးကျောင်းတွေကို ယာယီရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။
အဲ့ဒီယာယီရွှေ့ပြောင်းထားတဲ့နေရာမှာလည်း နေထိုင်ဖို့ အမိုးအကာမလုံတဲ့အတွက် ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို နီးစပ်ရာကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေဆီကို နောက်ထပ် ပြောင်းရွှေ့လို့ နေရာချထားဖို့ စီစဥ်နေကြပါတယ်။
အဲ့ဒီဂါရာတောင်စစ်ရှောင်စခန်းမှာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက စစ်ဘေးရှောင်အိမ်ထောင်စု ၇၉ စုနဲ့ လူဦးရေ ၂၀၀ ကျော် နေထိုင်နေကြတာပါ။
လက်ရှိမှာ မိုးသည်းထန်စွာသွန်းမှုကြောင့် စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေအပြင် ကူညီကယ်ဆယ်ရေးတွေကို အရေးပေါ်လိုအပ်နေပါတယ်။
မိုးလေဝသ ခန်းမှန်းချက်တွေအရ ရက္ခိုင်က မောင်တော၊ စစ်တွေ၊ ကျောက်တော်နဲ့ အနီးတဝိုက်ဒေသတွေဟာ အနီရောင်အဆင့်ကိုရောက်ရှိနေပြီး လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့အထိ မိုးရေချိန်မြှင့်တက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။