AB News – ဇူလိုင် ၉၊ ၂၀၂၆
ရက္ခိုင်ပြည် မြောက်ပိုင်းတွင် လာမည့် ၄၈ နာရီအတွင်း မြစ်ရေလျှံမှုနှင့် ရုတ်တရက်ရေကြီးမှုအန္တရာယ် သိသိသာသာ မြင့်တက်လာနိုင်ကြောင်း ဥရောပသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ရေကြီးမှုခန့်မှန်းစနစ် (GloFAS) က ဇူလိုင် ၈ ရက် ညနေ ၅ နာရီတွင် ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။
GloFAS ၏ ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များအရ ရက္ခိုင်မြောက်ပိုင်း၊ အထက်ပိုင်းစောင့်ကြည့်မှတ် (Reporting Point 1) သည် Extreme Alert Level (ခရမ်းရောင်အဆင့်) သို့ ရောက်ရှိနေပြီး အနှစ် ၂၀ အတွင်း အမြင့်ဆုံးရေစီးဆင်းမှုစံချိန်ကို ကျော်လွန်နိုင်ခြေမှာ ၄၇ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ ယင်းမှာ ယခင်ခန့်မှန်းချက်တွင် ၃၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။
ထို့ပြင် ၂ နှစ်နှင့် ၅ နှစ် ပြန်လည်ဖြစ်ပွားနိုင်မှုစံနှုန်း (Return Period) များကို ကျော်လွန်နိုင်ခြေမှာလည်း ၁၀၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းခန့်အထိ ရှိနေသဖြင့် ရေစီးဆင်းမှုသည် ပုံမှန်ထက် အလွန်မြင့်မားနိုင်ကြောင်း ဖော်ပြထားသည်။
ခန့်မှန်းချက်များအရ ရက္ခိုင်မြောက်ပိုင်း အထက်ပိုင်းမြစ်ဝှမ်းများတွင် ဇူလိုင် ၁၀ ရက်ဝန်းကျင်၌ ရေစီးဆင်းမှု အမြင့်ဆုံးအခြေအနေ (Peak Flow) သို့ လျင်မြန်စွာ ရောက်ရှိနိုင်ပြီး အလယ်ပိုင်းနှင့် မြစ်ဝအောက်ပိုင်း၊ စစ်တွေအနီးရှိ စောင့်ကြည့်မှတ်များတွင်လည်း ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်အတွင်း ရေစီးဆင်းမှု အမြင့်ဆုံးသို့ ရောက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။
GloFAS ၏ Rapid Impact Assessment အရ ရေကြီးရေလျှံမှု ဖြစ်ပွားပါက ရေဝပ်မှုကာလသည် ၁၅ ရက်မှ ၁၆ ရက်ခန့်အထိ ကြာမြင့်နိုင်ပြီး စိုက်ပျိုးမြေ ဟက်တာ ၃,၆၉၆ ခန့်နှင့် လူဦးရေ ၅,၂၀၀ ခန့် တိုက်ရိုက်ထိခိုက်နိုင်ကြောင်း ခန့်မှန်းထားသည်။
ထိခိုက်မှုအဆင့်ကို Low to Medium Impact အဖြစ် သတ်မှတ်ထားသော်လည်း ရေဝပ်မှုကြာချိန် ရှည်လျားနိုင်ခြင်းကြောင့် စိုက်ပျိုးရေးနှင့် ဒေသခံပြည်သူများ၏ နေထိုင်ရေးအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်။
ဇလဗေဒကျွမ်းကျင်သူများ၏ အမြင်အရ ယခုခန့်မှန်းချက်များသည် မြစ်ရေစီးဆင်းမှုဆိုင်ရာ ကြိုတင်ခန့်မှန်းချက်များဖြစ်ပြီး ဒေသအလိုက် မိုးရွာသွန်းမှု၊ မြေမျက်နှာသွင်ပြင်နှင့် မြစ်ချောင်းအခြေအနေများပေါ် မူတည်၍ အမှန်တကယ် ဖြစ်ပေါ်လာမည့် ရေအခြေအနေများမှာ ကွာခြားနိုင်ကြောင်း သတိပြုရန် လိုအပ်သည်။
သို့သော် လက်ရှိခန့်မှန်းချက်များအရ ရက္ခိုင်ပြည်မြောက်ပိုင်းတွင် ဇူလိုင် ၁၀ ရက်မှစတင်၍ မြစ်ရေလျှံမှုနှင့် ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားနိုင်သည့် အလားအလာ မြင့်မားနေသဖြင့် ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများအနေဖြင့် ရေအခြေအနေများကို အနီးကပ်စောင့်ကြည့်ကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်သည်။


