သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်ရှိ KCBS ခရစ်ယာန်ကျမ်းစာကျောင်း၌ အသိအမြင်ဖွင့် ဟောပြောပွဲ ကျင်းပ

AB News – စက်တင်ဘာ ၁၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ ကျောက်တော်ခရစ်ယာန်ကျမ်းစာကျောင်း (KCBS) ၌ ကျောင်းသား/သူများ နိုင်ငံရေး အသိအမြင် တိုးတက်လာစေရေးအတွက် အသိအမြင်ဖွင့် ဟောပြောပွဲတစ်ခုကို ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁၁ နာရီတွင် အစီအစဉ် ၉ ခုဖြင့် စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ULA ပါတီဝင်များနှင့် ရပ်နီးရပ်ဝေးမှ သင်းအုပ်ဆရာတော်များ တက်ရောက် ခဲ့ကြသည်။

ဟောပြောပွဲတွင် မြောက်ဦး ပါတီခရိုင်မှူးက ကျောင်းသား/သူများအား နိုင်ငံရေး သမိုင်းကြောင်းများနှင့် NDEP ပြဋ္ဌာန်းချက် အကြောင်းအရာများကို အကျယ်တဝန်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့အပြင် ဘုရားကျောင်း၌ ချီးမွမ်းသီချင်း သီဆိုရာတွင်လည်း ဗမာဘာသာစကားဖြင့် မဟုတ်ဘဲ မိမိတို့၏ မိခင်ဘာသာစကားဖြင့်သာ အသုံးပြု သီဆိုကြရန် တိုက်တွန်း ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ဟောပြောပွဲ ပြုလုပ်ရခြင်းမှာ ကျောင်းသား/သူများအနေဖြင့် နိုင်ငံရေးဆိုင်ရာ အသိအမြင် ဗဟုသုတများ တိုးတက်လာစေရန်နှင့် အာရက္ခပြည်သူ့အစိုးရ၏ လုပ်ဆောင်ချက်များကို မှန်ကန်စွာ သိရှိနားလည် စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

KCBS ကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးအောင်အောင်က “ကျောင်းသားတွေဟာ အာရက္ခပြည်သားတစ်ရပ်အနေနဲ့ ဘယ်လို ပါဝင်ရမလဲဆိုတာ မသိတဲ့အခါ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ပတ်သက်လို့ အသိအမြင်တွေ ပွင့်သွားအောင်နဲ့ ULA/AA ဆိုတာ ကြောက်စရာမဟုတ်ဘူးဆိုတာကို သိရှိစေချင်တဲ့အတွက် အခုလို ပညာပေးပွဲ ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု AB News သို့ ပြောသည်။

ကျောက်တော်မြို့ရှိ KCBS ခရစ်ယာန်ကျမ်းစာကျောင်းသည် ဘာသာရပ် ၄၀ ခန့်ကို တစ်နှစ်လျှင် Semester ၂ ခုဖြင့် စုစုပေါင်း ၃ နှစ်တက်ရောက်ရသည့် ကျောင်းတစ်ခုဖြစ်ပြီး Semester တစ်ခုလျှင် ဘာသာရပ် ၈ ခုဖြင့် စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

Photo – Arakan Bay News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ