သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဉ္စနပူရခရိုင်တွင် စက်လှေ ၄၁ စီးထက်မနည်း ခိုးယူထားသော တရားခံနှင့် ခိုးရာပါ ပစ္စည်းလက်ခံသူများကို ဒီလပ်ဌာန (DLEPS)မှ ဖမ်းဆီးအရေးယူ

AB News – စက်တင်ဘာ ၁၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ အဉ္စနပူရမြို့နယ် အပါအဝင် အခြားမြို့နယ် အသီးသီးတို့မှ လောင်းစက်လှေ ၄၁ စီးအား ခိုးယူထားသည့် တရားခံများနှင့် ခိုးရာပါ ပစ္စည်း လက်ခံ အကျိုးအမြတ်ယူသူများကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် အဥ္စနပူရမြို့နယ်၊ င/ဇင်ရိုင်းချောင်း၊ ထောင့်ချေကျေးရွာနေ ဒေါ်ခင်မေသန်း ပိုင်ဆိုင်သည့် ကာလတန်ဖိုး ၂၂ သိန်းကျပ်ခန့် တန်ဖိုးရှိ လောင်းစက်လှေ ၁ စီး ချောင်းကမ်းစပ်မှ ပျောက်ဆုံးသွားခဲ့ရာ အဆိုပါ အမှုအား အဉ္စနပူရမြို့မ ဒီလပ်စခန်းသို့ သွားရောက် တိုင်ကြားခဲ့သည်။

တိုင်ကြားချက်အရ ဒီလပ်ဌာနမှ စုံစမ်း စစ်ဆေးခဲ့ရာ တရားခံများဖြစ်သည့် ဝီရဌာနီမြို့နယ်၊ ချောင်းဇောက်ကျေးရွာမှ ထွန်းမြင့်စိုး (ခ) ထွန်းမြင့်နိုင် (၄၆ နှစ်)၊ ဦးမောင်ညွှန့် (ခ) မောင်ယောင်းဦး (၄၉ နှစ်) နှင့် ဖိုးကျော် (ခ) ကျော်မြင့် (၃၉ နှစ်) တို့ကို သက်သေခံ လောင်းစက်လှေ ၁ စီးနှင့်အတူ ချောင်းဇောက်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရားခံများအား တရားဥပဒေနှင့်အညီ အဉ္စနပူရမြို့နယ် တရားရုံး၌ စစ်ဆေးခဲ့ရာ ၎င်းတို့သည် အဆိုပါ စက်လှေအပြင် အဉ္စနပူရမြို့နယ် အပါအဝင် အခြားမြို့နယ် အသီးသီးမှ လောင်းစက်လှေ ၄၁ စီးကို ခိုးယူ ရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့သည်။

ခိုးရာပါ စက်လှေများကို လျှို့ဝှက် သိမ်းဆည်းရာတွင် ကူညီပေးခဲ့သည့် မောင်ထွန်းဟန် (၅၈ နှစ်) နှင့် ရွှေတင်စိုး (၃၉ နှစ်) တို့အပါအဝင် ခိုးရာပါပစ္စည်း​​​ဖြစ်သည်ကို သိလျက်နှင့် လက်ခံ ဝယ်ယူသူ စန္ဒာအေး (၄၁ နှစ်) တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၇၉/၄၁၄ တို့ဖြင့် ဇွန်လ ၁၂ ရက်နေ့တွင် အဉ္စနပူရ မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။

ထို့နောက် ဒီလပ်ဌာနက သက်သေခံ စက်လှေ ၄၁ စီးနှင့် စက် ၃ လုံးကို လိုက်လံ သိမ်းဆည်းခဲ့ရာ မူလပိုင်ရှင်များ ထပ်မံ ပေါ်ပေါက်လာသည့်အတွက် အဉ္စနပူရမြို့မ စခန်းတွင် အမှု ၁၁ မှုနှင့် မြေပုံမြို့မ စခန်းတွင် အမှု ၃ မှု စုစုပေါင်း အမှု ၁၄ မှုဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည်။

ယင်းအမှု ၁၄ မှုနှင့် ပတ်သက်၍ ခိုးရာပါပစ္စည်း လက်ခံသူများဖြစ်သည့် မောင်အေးသန်း၊ သာထွန်းချေ၊ ရွှေသိန်းထွန်း၊ မောင်လုံးချေ၊ ဦးတင်ချေ၊ ကျန်လူ၊ သန်းမောင်နှင့် ထွန်းငြိမ်းဦး တို့ ၈ ဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ ၄၁၁ ဖြင့် အသီးသီး တရားစွဲဆိုထားကြောင်း သိရသည်။

လက်ရှိတွင် ပိုင်ရှင် မပေါ်သေးဘဲ ကျန်ရှိနေသည့် သက်သေခံ စက်လှေများနှင့် စက်များအတွက် မူလပိုင်ရှင်များကို ဆက်လက် စုံစမ်းလျက်ရှိပြီး ၆ လအတွင်း မူလပိုင်ရှင် ထပ်မံ မပေါ်ပေါက်ပါက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၂၄ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Arakan Bay News သတင်းဌာနမှ စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ