AB News – သြဂုတ် ၂၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်၊ မအီမြို့နယ်(ခွဲ)တွင် တရားမဝင်စိုက်ပျိုးထားသည့် ဘိန်းစာပင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS)နှင့် အုပ်ချုပ်ရေးဌာနတို့ ပူးပေါင်း၍ လိုက်လံရှာဖွေကာ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
မအီမြို့နယ်(ခွဲ)တွင် ယခုသြဂုတ်လအတွင်း ဘိန်းစာပင်များကို ခုတ်ထွင်ရှင်းလင်းလျက်ရှိပြီး DLEPS ဌာန၊ အုပ်ချုပ်ရီးဌာနအပါအဝင် ရပ်ရွာခေါင်းဆောင်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာဆီယံ (ခေါ်) ဘိန်းစာရွက်ပင် သုံးစွဲမှုမှာ ကျန်းမာရေးကို ထိခိုက်လာနိုင်၍ စိုက်ပျိုးမှု ထပ်မလုပ်ကြရန်နှင့် စိုက်ပျိုးတွေ့ရှိပါက တည်ဆဲတရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဟု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသိပေးကြေညာထားသည်။
ယင်းသို့ အသိပေးကြေညာထားသည့်ကြားမှ ဒေသခံအချို့သည် ဘိန်းစာပင်များကို တရားမဝင်စိုက်ပျိုးပြီး အရွက်များကို မှောင်ခိုရောင်းချလျက် ရှိသည့်အတွက် ယခုကဲ့သို့ ခုတ်ထွင်ရှင်းလင်းခံနေကြရခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း မြောက်ဦး၊ ကျောက်တော်အပါအဝင် မြို့နယ်အချို့ရှိ ကျေးရွာများတွင် စိုက်ပျိုးထားသည့် ဘိန်းစာရွက်ပင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
