AB News – အောက်တိုဘာ ၂၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် စိတ်ကျန်းမာရေးချို့ယွင်းပြီး စကားမပြောနိုင်သည့် အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့သည့် တရားခံကို DLEPS ဖမ်းဆီးထားကြောင်း အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်သည်။
တရားခံဟု ယူဆရသူမှာ တပ်တောင်မြို့၊ အမှတ် (၃)ရပ်ကွက်မှ အသက် ၄၄ နှစ်အရွယ် အောင်သန်းရွှေဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါအမှုတွင် တရားခံဟု သံသယရှိသူ အောင်သန်းရွှေကို နောက်တရက် အောက်တိုဘာ ၁၂ ရက်တွင် အမ်းမြို့နယ်၊ ကျွဲကူးတောင်ရွာ ကူးတို့ဆိပ်၌ ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်အရ အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် တပ်တောင်မြို့၊ အမှတ် ၂ ရပ်ကွက်၌ နေထိုင်သည့် အမျိုးသမီး၏ မိခင်သည် အနီးအနားရှိ နေအိမ်တအိမ်တွင် စပါးလုံးကောက်ရန် သွားရောက်နေစဉ် သမီးဖြစ်သူကို ထမင်းစားရန် လာခေါ်ခဲ့သည်။
ထိုသို့ လာခေါ်စဉ် သမီးဖြစ်သူသည် ဦးတိုးလွင်၏ နေအိမ်ခြံဝင်းအတွင်းသို့ ဝင်သွားသည်ကို တွေ့ရှိခဲ့ပြီး သွားရောက်ကြည့်ရှုရာ ခြံစည်းရိုးအနီးတွင် တပ်တောင်မြို့၊ အမှတ် ၃ ရပ်ကွက်၌ နေထိုင်သည့် အောင်သန်းရွှေက သမီးဖြစ်သူကို အဓမ္မပြုကျင့်နေသည်ကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသမီး၏ မိခင်က အောင်သန်းရွှေကို ရိုက်နှက်ကာ လိုက်လံဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ယင်းနောက် မိခင်ဖြစ်သူသည် အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) စခန်းသို့ တိုင်ကြားခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီလပ်အဖွဲ့က တိုင်ကြားသူနှင့် သက်သေများကို စစ်ဆေးခြင်း၊ အခင်းဖြစ်နေရာကို စစ်ဆေးမှတ်တမ်းတင်ခြင်းနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် အောင်သန်းရွှေသည် တပ်တောင်မြို့တဖက်ကမ်းရှိ ကျွဲကူးတောင်ရွာ ကူးတို့ဆိပ်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းရာတွင် အောင်သန်းရွှေက အဆိုပါ စိတ်ကျန်းမာရေးချို့ယွင်းပြီး စကားမပြောနိုင်သည့် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဒီလပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမှုနှင့်ဆက်စပ်သည့် ဆေးစစ်ချက်များ ရယူခြင်းနှင့် အခင်းဖြစ်စဉ်က ဝတ်ဆင်ထားသည့် အဝတ်အစားများကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်းတို့ ဆောင်ရွက်ထားပြီး ဥပဒေအကြံပြုချက်နှင့်အညီ တရားစွဲဆိုသွားမည်ဟု ဆိုသည်။
ဒီလပ်အဖွဲ့က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် မိသားစု၊ ရပ်ရွာနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။


