AB News – အောက်တိုဘာ ၂၄၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်း စစ်ကော်မရှင်၏ ၄၉၂၆ စစ်ဆင်ရေးနှင့်ပတ်သက်၍ စစ်တပ်ထောက်ခံသူ မှိုင်းဝေ၏ တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေသည့် ဗီဒီယိုတစ်ခုတွင် AI နည်းပညာဖြင့် ဖန်တီးထားသည်ဟု သံသယရှိသည့် မြင်ကွင်းတစ်ခု ပါဝင်နေကြောင်း စစ်ရေးအချက်အလက်စစ်ဆေးရေးအဖွဲ့ TNISO က ယမန်နေ့ အောက်တိုဘာ ၂၃ ရက်တွင် ဖော်ပြသည်။
ဗီဒီယိုတွင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် သုံးဦး ထိုင်နေသည့် မြင်ကွင်းနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် မြင်ကွင်းတို့ ပါဝင်သည်။
သို့သော် တည်နေရာတစ်ခုတည်းကို ရိုက်ကူးထားသည့်ပုံစံရှိသော ယင်းမြင်ကွင်းနှစ်ခုကို နှိုင်းယှဉ်ကြည့်ရာ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ ကွဲပြားနေသည်ဟု TNISO က ဆိုသည်။
AA တပ်ဖွဲ့ဝင် သုံးဦး ထိုင်နေသည့် မြင်ကွင်းတွင် တွေ့ရသော ဗွက်အိုင်တစ်ခုသည် ပေါက်ကွဲမှုဖြစ်ပွားသည့် မြင်ကွင်း၌ ပျောက်ကွယ်နေသည်။
ထို့ပြင် နေရောင်ကာရန် အသုံးပြုထားသည့် အစိမ်းရောင်အမိုးစမှာ ပထမမြင်ကွင်းတွင် ပျက်စီးနေသော်လည်း ပေါက်ကွဲမှုဖြစ်ပွားသည့် မြင်ကွင်း၌ အကောင်းအတိုင်း ရှိနေကြောင်း TNISO က ထောက်ပြထားသည်။
ယင်းကွဲလွဲချက်များကြောင့် တပ်ဖွဲ့ဝင်သုံးဦး ထိုင်နေသည့် မြင်ကွင်းကို AI နည်းပညာဖြင့် ဖန်တီးထားနိုင်ခြေရှိသည်ဟု TNISO က သုံးသပ်ထားသည်။
မှိုင်းဝေ၏ ပို့စ်တွင် “ဆေးကွဲနေကြတဲ့ AA သူပုန်တွေက ဗုံးသီးကို သူ့အမေလင်မှတ်နေလားမသိဘူး။ အေးဆေးတောင်ထိုင်နေလိုက်သေး။ သေတာတောင် နည်းသေး။”ဟု AA တပ်ဖွဲ့ဝင်များသည် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့်ပုံစံဖြင့် ရေးသားထားသည်။
TNISO ကလည်း ၄၉၂၆ စစ်ဆင်ရေးနှင့်ပတ်သက်၍ စစ်တပ်ထောက်ခံသူများ ဖြန့်ဝေနေသည့် ဗီဒီယိုများတွင် AI နည်းပညာကို မည်သည့်အချိန်ကစတင် အသုံးပြုခဲ့သည်ဆိုသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။
AI နည်းပညာဖြင့် ဖန်တီးထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများသည် ပဋိပက္ခအတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အတည်ပြုရန် ပိုမိုခက်ခဲစေနိုင်သည်။
စစ်ကော်မရှင်သည် စိတ်ဓာတ်စစ်ဆင်ရေးအတွက် တပ်ထောက်ခံသူတွေကို ဂျင်းပြန်ထည့်နေရသည့် အခြေအနေကို ရောက်နေပြီဖြစ်ကြောင်း TNISO က ပြောသည်။

