AB News – အောက်တိုဘာ ၂၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို စစ်ကော်မရှင်က ယနေ့တွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင့် သိရသည်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အမျိုးသမီးမှာ ပန်းနီလာကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ဒေါ်လှရွှေတင် ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ယနေ့ (အောက်တိုဘာလ ၂၃ ရက်)၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာရှိ စာသင်ကျောင်းအနီးကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသွားသူ နှစ် ဦးမှာ အသက် ၆၂ နှစ်အရွယ် ဒေါ်မအေးနုနှင့် အသက် ၂၅ နှစ်အရွယ် ကိုအောင်လင်းဖြစ်သည်။
အလားတူ ယနေ့ အောက်တိုဘာ ၂၃ ရက်၊ နံနက် ၈ နာရီ အချိန်ခန့်တွင်လည်း စစ်ကော်မရှင်လေတပ်က စစ်တွေမြို့ကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် မောလိပ်ရပ်ကွက်နှင့် ကျောင်းတက်လမ်းရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးသူ ၉ ဦးအထိရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူမှာလည်း များပြားကြောင်း သိရသည်။
ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပန်းနီလာကျေးရွာသည် ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စေတနာ အာရက္ခပြည်သူ့အကျိုးပြုဆေးခန့်ကို ကျရောက်ပေါက်ကွဲကာ ၁၂ တန်း ကျောင်းသူ မခိုင်သဇင်စိုး သေဆုံးခဲ့ပြီး ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
စစ်ရေးအရ အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်သည် စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သားပြည်သူများနေထိုင်ရာ နေရာများနှင့် ကျေးရွာအနီးဝန်းကျင်များကို နေ့စဉ်ရက်ဆက်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် ရက္ခိုင်ပြည်အတွင်း အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိနေသည်။
ပုံ – APM


