သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဉ္ဇနပူရခရိုင်တွင် စက်လှေ ၄၁ စီးထက်မနည်း ခိုးယူခဲ့သော တရားခံ (၃) ဦးကို  အာရက္ခပြည်သူ့အစိုးရ တရားရုံးမှ ထောင်ဒဏ် ၂၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်

AB News – အောက်တိုဘာ ၂၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ အဉ္ဇနပူရခရိုင်၊ အဉ္ဇနပူရမြို့နယ်အပါအဝင် အခြားမြို့နယ်အသီးသီးမှ ပြည်သူပိုင် စက်လှေ ၄၁ စီးထက်မနည်းကို အုပ်စုဖွဲ့ ခိုးယူခဲ့သည့် တရားခံ ၃ ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ သက်ဆိုင်ရာ မြို့နယ်တရားရုံးက ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်မှ ၂၂ နှစ်အထိ အသီးသီး အမိန့်ချမှတ်လိုက်သည်။

ယင်းစီရင်ချက်သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရားရေးဌာန၏ ခိုးမှုဆိုင်ရာ ပြစ်ဒဏ်ချမှတ်မှုများအနက် ထောင်ဒဏ်နှစ် အများဆုံးအဖြစ် စံချိန်တင်ခဲ့သည့် စီရင်မှုတစ်ခုလည်း ဖြစ်သည်။

ပြစ်ဒဏ်ကျခံရသည့် တရားခံများမှာ ဝီရဌာနီမြို့နယ်၊ ချောင်းဇောက်ကျေးရွာနေ မောင်ယောင်းဦး (ခ) ဦးမောင်ညွန့် (၄၉ နှစ်)၊ ထွန်းမြင့်စိုး (၄၆ နှစ်) နှင့် ဖိုးကျော် (ခ) ကျော်မင်း (၃၉ နှစ်) တို့ဖြစ်ကြသည်။

၎င်းတို့အား စက်လှေ ၁ စီး ခိုးယူမှုအတွက် ထောင်ဒဏ် ၂ နှစ်စီနှုန်းဖြင့် တရားရုံးက ပြစ်ဒဏ်တွက်ချက်ကာ ရာဇသတ်ကြီးပုဒ်မ ၃၇၉၊ ပုဒ်မ ၃၇၉/၄၁၁ တို့ဖြင့် တရားခံ မောင်ယောင်းဦး (ခ) ဦးမောင်ညွန့် အား အမှု ၁၁ မှုအတွက် ထောင်ဒဏ် ၂၂ နှစ်၊ ထွန်းမြင့်စိုး အား အမှု ၉ မှုအတွက် ထောင်ဒဏ် ၁၈ နှစ်နှင့် ဖိုးကျော် (ခ) ကျော်မင်း အား ထောင်ဒဏ် ၆ နှစ် အသီးသီး သီးခြားစီကျခံခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် တရားခံများသည် ပုဒ်မ ၄၁၁ (ခိုးရာပါပစ္စည်း လက်ခံမှု) ဖြင့် တရားရုံး၌ ဒဏ်ငွေ ကျပ် ၃ သိန်းစီ ပေးဆောင်စေခဲ့ပြီး၊ တရားခံ ၃ ဦးအနေဖြင့် ဝီရဌာနီမြို့နယ်မှ ၂ မှု၊ မြေပုံမြို့နယ်မှ ၂ မှု၊ စုစုပေါင်း စက်လှေခိုးမှု ၄ မှုအတွက် အမိန့်ချမှတ်ရန် ကျန်ရှိနေသေးသဖြင့် ပြစ်ဒဏ်ထပ်မံ တိုးမြင့်လာနိုင်ခြေ ရှိနေသည်။

အဆိုပါ စက်လှေခိုးမှုမှာ ပြီးခဲ့သည့် မေ ၁၃ ရက်နေ့က အဉ္ဇနပူရမြို့နယ်၊ င/ဇင်ရိုင်းချောင်း၊ ထောင့်ချေကျေးရွာနေ ဒေါ်ခင်မေသန်း ပိုင်ဆိုင်သည့် ကျပ် ၂၂ သိန်းခန့် တန်ဖိုးရှိ စက်လှေ ၁ စီး ချောင်းကမ်းစပ်မှ ပျောက်ဆုံးသွားခဲ့ရာမှ သက်ဆိုင်ရာ ဒီလပ်စခန်းသို့ တိုင်ကြားခဲ့ရာမှ နောက်ဆက်တွဲပြစ်မှုများပေါ်လာခဲ့ခြင်းဖြစ်သည်။

ဒေသခံပြည်သူများ၏ တိုင်ကြားချက်အရ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က စနစ်တကျ ကွင်းဆက်လိုက် စုံစမ်းဖော်ထုတ်ခဲ့ရာမှ မြို့နယ်များစွာကို ဗဟိုပြု လှုပ်ရှားနေသည့် အဆိုပါ အုပ်စုဖွဲ့ စက်လှေခိုးယူမှုတစ်ခုလုံးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ