
AB News – စက်တင်ဘာ ၅ ၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် စက်တင်ဘာလ ၃ ရက်နေ့၊ နံနက် ၁၁ နာရီကျော်အချိန်က ဖြစ်ပွားခဲ့သည့် ဓားထိုးမှုအတွင်း ကျူးလွန်သူ တရားခံအား အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန(DLEPS) မှ ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့၊ ည ၄ နာရီကျော်အချိန်တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။
“မနေ့က ဓားထိုးမှုတရားခံ ဦးလုံးပုချေကို DLEPS က ဖမ်းဆီးရမိပြီလို့ သိရတယ်။ ဓားထိုးမှု ကျူးလွန်ပြီးတဲ့အချိန်မှာ စက်လှေနဲ့ ထွက်ပြေးသွားတယ်။ မနေ့က ညနေအချိန်မှာ ဖမ်းမိတယ်လို့ မျက်မြင်တွေက ဆိုပါတယ်” ဟု အခင်းဖြစ်ပွားသည့် အိမ်နီးဝန်းကျင်မှ အမျိုးသားတစ်ဦးက ဆိုသည်။
ဓားထိုးမှုတွင် ကျူးလွန်သူ တရားခံ ဦးလုံးပုချေ (ခေါ်) သိန်းသိန်းအောင်မှာ အခင်းဖြစ်ပွားသည့်နေ့က စက်လှေဖြင့် ထွက်ပြေးသွားပြီး လက်ရှိတွင် DLEPS တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းအချိန်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။
ဓားထိုးခံရမှုကြောင့် ဒေါ်အေးအေးသိန်းမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏ လင်ယောင်္ကျားဖြစ်သူမှာလည်း ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
သေဆုံးခဲ့သူမှာ မအီမြို့၊ အမှတ် ( ၃ ) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ် အေးအေးသိန်း (၄၆)နှစ် ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူမှာ ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၅၁) နှစ်အရွယ် ဦးမောင်တင်ထွန်းဖြစ်ကြောင်း သိရှိရသည်။
အခင်းဖြစ်စဥ်မှာ စက်တင်ဘာလ ၃ ရက်နေ့၊ နံနက် ၁၁ နာရီကျော်အချိန်တွင် ဦးလုံးပုချေ သည် ဦးမောင်တင်ထွန်း ၏ နေအိမ်ရှေ့တွင် အရက် မူးပြီး ဆဲဆိုနေစဉ် ဦးမောင်တင်ထွန်း က တားဆီးရာ နေအိမ်အတွင်းသို့ ဝင်ရောက်၍ ဓားထိုးမှု ကျူးလွန်ခဲ့ကြောင်း ဒဏ်ရာရရှိခဲ့သူ ဦးမောင်တင်ထွန်း က ဆိုသည်။
ဒေါ်အေးအေးသိန်း ၏ ညာဘက် ဝမ်းဗိုက်တွင် ဓားဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ နေအိမ်တွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ၎င်း၏ လင်ယောင်္ကျားဖြစ်သူ ဦးမောင်တင်ထွန်း က ဆိုသည်။
ဓားထိုးမှုအတွင်း ဇနီးသည် ဒေါ်အေးအေးသိန်း သေဆုံးခဲ့ရမှုပေါ် တရားမျှတမှု ရရှိလိုပြီး ကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုလိုကြောင်း ဦးမောင်တင်ထွန်း က ဆိုသည်။
လက်ရှိတွင် ဓားထိုးမှု ကျူးလွန်သူအား DLEPS ဌာနမှ ဖမ်းဆီးထားပြီး တရားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။