သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှားပါးပင်လယ်လိပ်များအား ဖမ်းဆီးသတ်ဖြတ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ထုတ်ပြန်

AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်း မျိုးသုဉ်းရှားပါးလာသည့် ပင်လယ်လိပ်မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်ကြရန်နှင့် ဖမ်းဆီးသတ်ဖြတ်ခြင်း အပါအဝင် တားမြစ်ချက်များကို ကျူးလွန်ပါက ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ငါးလုပ်ငန်းနှင့် ရေသယံဇာတများ စီမံခန့်ခွဲရေးဌာနက ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်) တွင် ထုတ်ပြန်လိုက်သည်။

ရက္ခိုင်ပြည်အတွင်း ငါးလုပ်ငန်း ရေရှည်တည်တံ့စေရန်နှင့် ရေသတ္တဝါမျိုးစိတ်များ ပွားများရှင်သန်နိုင်စေရန်အတွက် ရှားပါးရေသတ္တဝါမျိုးစိတ်များ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ရှားပါးမျိုးသုဉ်းလာနိုင်သည့် ရေသတ္တဝါများကို ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် ၎င်းတို့နေထိုင်ရာ ဂေဟစနစ်နှင့် အစာကွင်းဆက်များ ပျက်စီးလာခြင်း၊ အပြန်အလှန် အကျိုးပြုနေသည့် အခြားရေသယံဇာတများ ပျောက်ကွယ်လာခြင်းနှင့် ပြင်ပမျိုးစိတ်များ ဝင်ရောက်နေရာယူလာခြင်းတို့ကြောင့် မူရင်းမျိုးစိတ်များ ပျောက်ကွယ်ကာ ငါးသယံဇာတ ရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထောက်ပြထားသည်။

ထို့ကြောင့် အမိန့်အမှတ် (၁/၂၀၂၅) ဖြင့် မျိုးသုဉ်းပျောက်ကွယ်လာနိုင်သည့် ရှားပါးရေသတ္တဝါမျိုးစိတ်များအား ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချခြင်း မပြုကြရန် တားမြစ်မိန့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

မျိုးသုဉ်းရှားပါးလာသည့် ပင်လယ်လိပ်မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် အောက်ဖော်ပြပါ တားမြစ်ချက် (၆) ချက်ကိုလည်း အသိပေး ထုတ်ပြန်ထားသည်။

(က) ပင်လယ်လိပ်များကို ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချခြင်း မပြုလုပ်ရ။

(ခ) ပင်လယ်လိပ်ဥများကို တူးဖော်ခြင်း၊ စုဆောင်းခြင်း၊ ရောင်းချခြင်း မပြုလုပ်ရ။

(ဂ) ပင်လယ်လိပ်သား၊ လိပ်ဥနှင့် ပင်လယ်လိပ်၏ အစိတ်အပိုင်းများကို လက်ဝယ်ထားရှိခြင်း၊ စုဆောင်းခြင်းနှင့် တင်ပို့ရောင်းချခြင်းများ မပြုလုပ်ရ။

(ဃ) ပင်လယ်လိပ်များ ဥချရာကမ်းခြေများကို ဖျက်ဆီးခြင်း၊ သဲတူးဖော်ခြင်းနှင့် မော်တော်ယာဉ်/ဆိုင်ကယ် မောင်းနှင်ခြင်းများ မပြုလုပ်ရ။

(င) ပင်လယ်လိပ်များ ဥချနေစဉ် အနှောင့်အယှက်ဖြစ်စေသည့် ပုံရိုက်ကူးခြင်း၊ ကမ်းခြေတွင် ပွဲလမ်းသဘင်ကျင်းပခြင်းနှင့် ဓာတ်မီးဖြင့် ချောင်းမြောင်းကြည့်ရှုခြင်းများ မပြုလုပ်ရ။

(စ) ပင်လယ်လိပ်များ ဥချရာကမ်းခြေများတွင် ပင်လယ်လိပ်များ ငြိတွယ်နိုင်သည့် ငါးဖမ်းပိုက်အဟောင်းများ၊ ပလတ်စတစ်နှင့် အခြားအမှိုက်များကို စွန့်ပစ်ခြင်းများ မပြုလုပ်ရ။

အဆိုပါ တားမြစ်ချက်များထဲမှ တစ်ခုခုကို ကျူးလွန်ကြောင်း တွေ့ရှိပါက ငါးလုပ်ငန်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သတိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ