သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများအတွင်း ARSA၊ RSO၊ ARA တို့၏ အကြမ်းဖက်မှုများရှိနေကြောင်း ကုလသမဂ္ဂထံ တိုင်ကြား

AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ မူဆလင်ဒုက္ခသည်စခန်းများအတွင်း ARSA၊ RSO၊ ARA အပါအဝင် လက်နက်ကိုင်အဖွဲ့များက အရွယ်မရောက်သေးသည့် မိန်းကလေးများကို ပြန်ပေးဆွဲခြင်း၊ လူငယ်များကို ငွေညှစ်ရန် ဖမ်းဆီးခြင်း၊ ပြန်ပေးငွေမပေးနိုင်သူများကို သတ်ဖြတ်ခြင်းနှင့် အမျိုးသမီးများအပေါ် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းများ ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ပေးပို့သည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။

AB News က လက်ခံရရှိထားသည့် အဆိုပါတိုင်ကြားစာတွင် ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ စစ်ဆင်ရေးများကြောင့် ရက္ခိုင်ပြည်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားသို့ ထွက်ပြေးခိုလှုံခဲ့ရသည့် မူဆလင်များသည် လက်ရှိတွင် ခိုလှုံရာဒုက္ခသည်စခန်းများအတွင်း၌ပင် လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုများကို ရင်ဆိုင်နေရကြောင်း ရေးသားထားသည်။

တိုင်ကြားသူများက မိမိတို့သည် မူဆလင်လူမျိုးများဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ Operation Clearance စစ်ဆင်ရေးကြောင့် ရက္ခိုင်ပြည်မြောက်ပိုင်းရှိ နေရပ်များကို စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသူများဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပါကစ္စတန်နိုင်ငံသားဟု ဖော်ပြထားသည့် အတာအူလာဂျူနူနီ (Ataullah Jununi) ဦးဆောင်ခဲ့သော အယ်လ်အာကင် (Al-Akin) အဖွဲ့သည် ယခုအခါ ARSA အမည်ဖြင့် လူသိများသည့် အဖွဲ့ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ရှိ မူဆလင်ဒုက္ခသည်စခန်းများအတွင်း ARA၊ RSO နှင့် အခြားလက်နက်ကိုင်အဖွဲ့ငယ်များစွာ လှုပ်ရှားနေကြောင်းလည်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

တိုင်ကြားစာအရ အဆိုပါလက်နက်ကိုင်အဖွဲ့များသည် အောက်ပါ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း ဆိုထားသည်။

၁။ အသက် ၁၈ နှစ်မပြည့်သေးသည့် မိန်းကလေးများကို ‘Sex Jihad’ ဟု အမည်ခံကာ အဓမ္မပြန်ပေးဆွဲပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း။

၂။ လူငယ်များကို ငွေညှစ်ရန် ရည်ရွယ်ချက်ဖြင့် ပြန်ပေးဆွဲဖမ်းဆီးခြင်း။

၃။ တောင်းခံထားသည့် ပြန်ပေးငွေကို မပေးနိုင်သူများအား သတ်ဖြတ်ခြင်း။

၄။ ARSA အဖွဲ့ဝင်များက အမျိုးသမီးများအပေါ် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း။

၅။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စခန်းတာဝန်ခံ (Camp-in-Charge – CIC) က ခန့်အပ်ထားသည့် ရပ်ကွက်တာဝန်ခံ (Camp Majhi) အချို့က အစ္စလာမ်ဘာသာကို အလွဲသုံးစားပြုကာ လက်နက်ကိုင်အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ပါဝင်ကူညီခြင်း။

၆။ နေရပ်ပြန်ရေးကို ထောက်ခံပြောဆိုသည့် သက်ကြီးရွယ်အိုများအား ကိုယ်ထိလက်ရောက် အနိုင်ကျင့်နှိပ်စက်ခြင်း။

၇။ CIC က ခန့်အပ်ထားသည့် ဘလောက်တာဝန်ခံ မာဂျီးများနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူအချို့က အစ္စလာမ်ဘာသာကို အလွဲသုံးစားပြုနေသည့် လက်နက်ကိုင်အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကူညီပံ့ပိုးပေးနေခြင်း။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ဒုက္ခသည်စခန်းတာဝန်ခံများနှင့် ရဲတပ်ဖွဲ့ (FPBN) ထံ တစ်ဦးချင်းအလိုက် တိုင်ကြားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များဘက်မှ ယခုအချိန်အထိ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ မရှိသေးကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ထို့ပြင် အာဏာပိုင်အချို့သည် အဂတိလိုက်စားမှုများတွင် ပါဝင်ပတ်သက်နေနိုင်သည်ဟု သံသယရှိကြောင်းလည်း တိုင်ကြားသူများက ရေးသားထားပြီး ယင်းအခြေအနေများကြောင့် ဒုက္ခသည်များ၏ လုံခြုံရေးအတွက် ပိုမိုစိုးရိမ်နေရကြောင်း ဖော်ပြထားသည်။

တိုင်ကြားစာတွင် မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ခ်နာ့ဖ်ဒေသ၌ ဘင်္ဂလားဒေ့ရှ်တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGB)၊ အမြန်တုံ့ပြန်ရေးတပ်ဖွဲ့ (RAB) နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံ တင်ပြရာတွင် အဆိုပါပြစ်မှုကျူးလွန်သူများသည် သာမန်လူကုန်ကူးသူများသာမဟုတ်ဘဲ ARSA အဖွဲ့နှင့် ဆက်နွှယ်သူများဖြစ်ကြောင်း တိုင်ကြားခဲ့သည်ဟု ဆိုသည်။

သို့သော် လူ ၅၇ ဦး ကယ်တင်နိုင်ခဲ့သည့် ဖြစ်စဉ်နှင့် ARSA ၏ ပါဝင်ပတ်သက်မှုတို့ကို သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်များဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများကလည်း လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်မှုများကြောင့် နေ့စဉ်လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ပြောဆိုထားသည်။

ဒုက္ခသည်တစ်ဦးက ” ကျနော်တို့ဟာ မြန်မာနိုင်ငံကနေ စစ်ဘေးကြောင့် ထွက်ပြေးလာခဲ့ရတာပါ။ ဒါပေမဲ့ အခုခိုလှုံနေတဲ့ ဒုက္ခသည်စခန်းထဲမှာတောင် လုံခြုံမှုမရှိတော့ပါဘူး။ မိန်းကလေးငယ်တွေ ပြန်ပေးဆွဲခံရတာ၊ လူငယ်တွေ ငွေညှစ်ဖို့ ဖမ်းဆီးခံရတာတွေကြောင့် မိသားစုတိုင်း စိုးရိမ်ကြောက်ရွံ့နေရပါတယ်” ဟု ပြောကြားခဲ့သည်။

နောက်ထပ် ဒုက္ခသည်တစ်ဦးကလည်း ” ကျနော်တို့ဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အကြောင်းပြပြီး အကြမ်းဖက်တာတွေကို မလိုလားပါဘူး။ ကျနော်တို့လိုချင်တာက လုံခြုံစွာနေထိုင်ခွင့်နဲ့ ငြိမ်းချမ်းရေးပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီအခြေအနေကို အလေးအနက်ထားပြီး ကာကွယ်ပေးစေချင်ပါတယ် “ဟု ပြောဆိုခဲ့သည်။

ဒုက္ခသည်စခန်းများအတွင်း လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်မှုများကြောင့် အရပ်သားပြည်သူများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို စိုးရိမ်နေရသည့်အတွက် တိုင်ကြားသူများက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ အရေးပေါ်ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

ထို့အပြင် ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှုနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကို လွတ်လပ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန်၊ ပြစ်မှုကျူးလွန်သူများကို တာဝန်ခံစေရန်နှင့် ဒုက္ခသည်များအတွက် ထိရောက်သည့် ကာကွယ်စောင့်ရှောက်ရေးစနစ်တစ်ရပ် ဖော်ဆောင်ပေးရန်လည်း တောင်းဆိုထားသည်။

တိုင်ကြားသူများက မိမိတို့သည် ယခင်က ရက္ခိုင်ပြည်တွင် လူမျိုးနှင့် ဘာသာမတူညီသော်လည်း အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ လက်ရှိတွင်မူ မိမိတို့ခိုလှုံရာ ဒုက္ခသည်စခန်းများအတွင်း၌ပင် အကြမ်းဖက်မှုများကို ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။

ဒုက္ခသည်များအနေဖြင့် လုံခြုံစွာနေထိုင်ခွင့်နှင့် ငြိမ်းချမ်းစွာ အသက်ရှင်နေထိုင်ခွင့်ကိုသာ လိုလားကြောင်း၊ အရပ်သားပြည်သူများ၏ အသက်ရှင်သန်ခွင့်နှင့် လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များထံ တောင်းဆိုထားသည်။

တစ်ဖက်တွင်လည်း ၂၀၁၇ ခုနှစ်အတွင်း ရက္ခိုင်ပြည်မြောက်ပိုင်း၌ မြန်မာစစ်တပ်က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း မူဆလင်လူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်တွင် အပြီးသတ်ဆုံးဖြတ်ခဲ့သည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ICJ တရားရုံးတွင် ချမှတ်ခဲ့သည့် အဆိုပါဆုံးဖြတ်ချက်၌ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် အရေးယူရေးဆိုင်ရာ သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်ခဲ့ကြောင်း တရားသူကြီး ၁၅ ဦးအနက် ၉ ဦးက ထောက်ခံမဲပေးခဲ့ပြီး ၆ ဦးက ကန့်ကွက်ခဲ့သည်။

တရားရုံးက ရရှိထားသည့် သက်သေအထောက်အထားများအရ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးအတွင်း မူဆလင်လူမျိုး ၁၀,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ကလေးသူငယ်များအပေါ် ရက်စက်ကြမ်းကြုတ်သည့် ပြုမူမှုများနှင့် ထွက်ပြေးနေသည့် အရပ်သားများအပေါ် တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ယင်းလုပ်ရပ်များအတွက် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

အဆိုပါအမှုကို အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာက မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် အရေးယူရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲကာ ၂၀၁၉ ခုနှစ်တွင် ICJ သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ICJ ၏ ယခုဆုံးဖြတ်ချက်သည် နိုင်ငံတစ်နိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံးက အပြီးသတ်ဆုံးဖြတ်သည့် ပထမဆုံးအမှုဖြစ်လာပြီး မြန်မာနိုင်ငံအနေဖြင့် ပြစ်မှုကျူးလွန်သူများကို စုံစမ်းစစ်ဆေးအရေးယူရန်၊ နစ်နာသူများအတွက် လျော်ကြေးပေးရန်နှင့် နေရပ်စွန့်ခွာခဲ့ရသူများ ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ရန် တာဝန်ရှိကြောင်းလည်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

၂၀၁၇ ခုနှစ် စစ်ဆင်ရေးများကြောင့် မူဆလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရပြီး လက်ရှိတွင်လည်း ဒုက္ခသည် ၁.၂ သန်းခန့်သည် ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။

ယခုအခြေအနေတွင် ၂၀၁၇ ခုနှစ်က နေရပ်စွန့်ခွာခဲ့ရသည့် ဒုက္ခသည်များသည် မိမိတို့၏ မူလနေရပ်သို့ ပြန်လည်နေထိုင်နိုင်ရေး မသေချာသေးသည့်အပြင် ခိုလှုံရာစခန်းများအတွင်း၌ပင် လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ဒုက္ခသည်များအနေဖြင့် လုံခြုံစွာနေထိုင်ခွင့်နှင့် ငြိမ်းချမ်းစွာ အသက်ရှင်နေထိုင်ခွင့်ကိုသာ လိုလားကြောင်း၊ အရပ်သားပြည်သူများ၏ အသက်ရှင်သန်ခွင့်နှင့် လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များထံ တောင်းဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ