သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင်က အ​ကြမ်းဖက် ARSA ထံ လက်နက် ၈၀၀ ခန့် ပေးခဲ့သည်ဟု မောင်တော မျက်မြင် သက်သေပြော

AB News – စက်တင်ဘာ ၂၃၊ ၂၀၂၆

မောင်တောတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ARSA အဖွဲ့ထံ လက်နက်နှင့် ကျည်ဆန်များ ပေးအပ်ခဲ့ပြီး လက်နက်အရေအတွက်မှာ ၈၀၀ ခန့်ရှိကြောင်း ကိုယ်တိုင်မျက်မြင်တွေ့ခဲ့သည့် မောင်တောဒေသခံတစ်ဦးက AB News သို့ ပြောသည်။

မျက်မြင်သက်သေ၏ ပြောကြားချက်အရ မောင်တောမြို့ နခခ-၅ မှ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးသည် စစ်ယူနီဖောင်းအပြည့်ဝတ်ဆင်ကာ ကားများဖြင့် ရောက်ရှိလာပြီး ARSA ခေါင်းဆောင်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

ထို့နောက် ကားများပေါ်တွင် သယ်ဆောင်လာသည့် လက်နက်နှင့် ကျည်ဆန်များကို ARSA အဖွဲ့ထံ ပေးအပ်ခဲ့ပြီး ARSA အဖွဲ့ဝင်များက အဆိုပါလက်နက်များကို ဘောလုံးကွင်းအတွင်းသို့ သယ်ဆောင်သွားခဲ့ကြောင်း ၎င်းက ပြောသည်။

” တပ်မမှူးက စစ်ယူနီဖောင်းအပြည့်နဲ့ ကားနဲ့လာပါတယ်။ နောက်မှာ ကားကြီး ၂ စီး၊ ၃ စီးလောက် ပါလာပါတယ်။ ကားပေါ်မှာ ပါလာတဲ့ သေနတ်တွေကို ARSA တွေထံ ပေးပါတယ်။ ကျနော်မြင်တာ လက်နက် ၈၀၀ လောက်ရှိပါတယ်” ဟု မျက်မြင်သက်သေက ပြောသည်။

အဆိုပါလက်နက်များနှင့်အတူ ကျည်ဆန်များကိုလည်း ဆာလာအိတ်များဖြင့် သယ်ဆောင်လာပြီး ဘောလုံးကွင်းအတွင်းတွင် ထားရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါဖြစ်စဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ်ဘက်မှ ARSA ခေါင်းဆောင်တစ်ဦး ရောက်ရှိလာပြီး မော်လဝီများကို အစည်းအဝေးခေါ်ယူခဲ့ကြောင်းနှင့် ၎င်းနှင့်အတူ ARSA အဖွဲ့ဝင် ၄၀ ခန့် ပါရှိခဲ့ကြောင်း မျက်မြင်သက်သေက ပြောသည်။

ထို့အပြင် ARSA အဖွဲ့ဝင်များက ရက္ခိုင်နှင့် ဟိန္ဒူလူမျိုးများ အပေါ် ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဆိုသည်။

“ရက္ခိုင်လူမျိုးတွေကို သတ်ပြီးရင် ဟိန္ဒူလူမျိုးတွေကို သတ်မယ်လို့ ပြောပါတယ်။ ဟိန္ဒူလူမျိုးတွေကို သတ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကနေ ဝင်လာတာလို့လည်း ပြောပါတယ်” ဟု မျက်မြင်သက်သေက ပြောသည်။

အ​ကြမ်းဖက် ARSA ခေါင်းဆောင်များက ဘင်္ဂလားဒေ့ရှ်ဘက်မှ အင်အားများ ထပ်မံရောက်ရှိလာမည်ဟု ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် လူ ၁၀၀ မှ ၂၀၀ ခန့် ထပ်မံလာရောက်မည်ဟု ပြောဆိုခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ဒေသခံမူဆလင်အချို့က ARSA အဖွဲ့အနေဖြင့် ရက္ခိုင်ပြည်တွင် တိုက်ပွဲဝင်နိုင်မည်လားဟု မေးမြန်းရာ ARSA ဘက်က အနိုင်ရမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း မျက်မြင်သက်သေက ပြောသည်။

ထို့အပြင် ဒေသခံမူဆလင်အချို့ထံမှ ARSA အဖွဲ့အတွက် ငွေကြေးများ ပေးအပ်ခဲ့ရကြောင်းနှင့် တချို့သူများထံမှ ကျပ်သိန်း ၂၀၀၊ ၃၀၀၊ ၅၀၀ နှင့် ၁,၀၀၀ အထိ ပေးခဲ့ရကြောင်းလည်း ဆိုသည်။

မျက်မြင်သက်သေ၏ ပြောကြားချက်အရ အဆိုပါလက်နက်များကို မောင်တောဒေသတွင် တိုက်ပွဲဝင်ရန်အတွက် စစ်ကော်မရှင်ဘက်က ARSA အဖွဲ့ထံ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ARSA ဘက်က ပြောဆိုခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ