AB News – စက်တင်ဘာ ၂၃၊ ၂၀၂၆
ရက္ခိုင်ပြည်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီ (APMC) ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် တရားဝင် ဖွဲ့စည်းလိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ဦးအောင်မင်းဦး၊ ဒုဥက္ကဋ္ဌအဖြစ် ဦးသိန်းထွန်းဇံ၊ အတွင်းရေးမှူး (၁) အဖြစ် ဦးနောင်ခိုင်အောင်၊ အတွင်းရေးမှူး (၂) အဖြစ် ဦးအောင်ထွန်းစိန်၊ အတွင်းရေးမှူး (၃) အဖြစ် ဦးစံရွှေထွန်း နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးခိုင်မြတ်ကျော် တို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
ကောင်စီတွင် ဥက္ကဋ္ဌ ၁ ဦး၊ ဒုဥက္ကဋ္ဌ ၁ ဦး၊ အတွင်းရေးမှူး ၃ ဦး၊ ဘဏ္ဍာရေးမှူး ၁ ဦးနှင့် စာရင်းစစ် အပါအဝင် ကောင်စီအဖွဲ့ဝင် ၁၀ ဦးဖြင့် စုစုပေါင်း ၁၅ ဦး ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ကောင်စီအဖွဲ့ဝင်များအဖြစ် သတင်းမီဒီယာကဏ္ဍမှ ၈ ဦး၊ စာပေကဏ္ဍမှ ၂ ဦး၊ လူငယ်ရေးရာမှ ၁ ဦး၊ အမျိုးသမီးရေးရာမှ ၁ ဦး၊ ဥပဒေရေးရာမှ ၁ ဦး၊ ဘဏ္ဍာရေးဆိုင်ရာမှ ၁ ဦးနှင့် စာရင်းအင်းဆိုင်ရာမှ ၁ ဦးတို့ ပါဝင်ကြသည်။
သတင်းမီဒီယာနယ်ပယ်အပြင် စာပေ၊ ဂီတ၊ လူငယ်၊ အမျိုးသမီးနှင့် ဥပဒေရေးရာ စသည့် နယ်ပယ်စုံမှ ပညာရှင်များနှင့် ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားခြင်းလည်း ဖြစ်သည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်သူများ သတင်းမှန် သိပိုင်ခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် မီဒီယာသမားများ၏ ရပိုင်ခွင့်များကို ကာကွယ်ပေးရန်၊ သတင်းမီဒီယာနှင့် သက်ဆိုင်သော အငြင်းပွားမှုများကို ဖြေရှင်းပေးရန်နှင့် သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ ကောင်စီကို တရားဝင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီသည် လာမည့်အပတ်မှစ၍ လုပ်ငန်းတာဝန်များကို စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ULA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – Arakkha People’s Media Council (APMC)
