AB News – စက်တင်ဘာ ၂၃၊ ၂၀၂၆
ရက္ခိုင်-မကွေးအစပ် မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီးနှင့် ပွိုင့် (၉၄၈) တောင်ကုန်းဝန်းကျင်တို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်သားအလောင်းအချို့နှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းအများအပြားကို အာရက္ခတပ်တော် (AA) က သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ရက္ခိုင်-မကွေး အစပ်ဖြစ်သော မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီးနှင့် ပွိုင့် (၉၄၈) ကုန်းအပါအဝင် သဖန်ရောင်ဒေသတို့၌ စစ်ကော်မရှင်၏ ထိုးစစ်စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်မှ အထိနာကာ သေဆုံးမှုများပြားခဲ့ပြီး စစ်သားအလောင်းအချို့နှင့်အတူ စစ်ကော်မရှင်တပ်ထံမှ လက်နက်၊ ခဲယမ်းကျည်ဆံများနှင့် စစ်အသုံးအဆောင် ပစ္စည်းများကို AA က သိမ်းဆည်းရရှိခဲ့သည်။
စစ်ကော်မရှင်တပ်သည် ရက္ခိုင်-မကွေး နယ်စပ်အစပ် မင်းတုန်းနှင့် သဖန်ရောင်ဒေသဘက်မှတစ်ဆင့် စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးရန် ကြိုးပမ်းလျက်ရှိသော်လည်း အာရက္ခတပ်တော် (AA) ၏ ခုခံတိုက်ခိုက်မှုများကြောင့် အထိနာကာ အကျအဆုံးများစွာဖြင့် ဆုတ်ခွာနေရလျက်ရှိကြောင်း သိရသည်။
Photo – AA Info Desk
