သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း၊ ဖက်ကျကျေးရွာကို စစ်ကော်မရှင် လေကြောင်းမှ ထပ်မံဗုံးကြဲ၊ စစ်ဘေးရှောင် ၁ ဦးအပါအဝင် ၂ ဦးသေဆုံး

AB News – စက်တင်ဘာ ၂၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ အသုံးပြုကာ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် ၁ ဦးနှင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၃ ရက် ညဥ့်သန်းခေါင် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာ ၂ စီးနှင့် Y-12 လေယာဉ်တို့သည် ဖက်ကျကျေးရွာအတွင်းသို့ ဗုံးအလုံးရေ ၂၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းအနီးနှင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖက်ကျကျေးရွာ၌ လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင် အသက် (၅၇) နှစ်အရွယ် ဦးမောင်မြကြည် နှင့် ဖက်ကျကျေးရွာနေ အသက် (၇၆) နှစ်အရွယ် ဦးအောင်သန်းမောင် တို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

​ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက် ည ၁၁ နာရီခွဲခန့်ကလည်း စစ်ကော်မရှင်တပ်သည် ဖက်ကျကျေးရွာသို့ လေကြောင်းမှ မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ၁ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့သည် စစ်တွေ-ပုဏ္ဏားကျွန်း မြို့အစပ်၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။

စစ်ကော်မရှင်တပ်သည် မြေပြင်တိုက်ပွဲများတွင် အထိနာနေသဖြင့် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်တွေမြို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များဖြင့် ဗုံးကြဲခြင်းတို့ကို ဆက်တိုက် ပြုလုပ်လျက်ရှိရာ အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးမှု မြင့်မားလျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ