
AB News – နိုဝင်ဘာ ၂၄၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား (Cox’s Bazar) ခရိုင်၊ တက္ကနက်ဖ် (Teknaf) ဒေသတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က မူဆလင်ဒုက္ခသည်စခန်းများအတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သည်ဟု သံသယရှိသော လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းခဲ့ပြီး လူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆင်ရေးအတွင်း နိုင်ငံခြားထုတ် ပစ္စတိုသေနတ်များ၊ ပြည်တွင်းဖြစ်လက်နက်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၂ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းစစ်ဆင်ရေးကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက် ည ၁၀ နာရီခန့်တွင် တက္ကနက်ဖ်မြို့နယ်၊ အာဒါရှ်ဂရမ် (Adarshagram) ကျေးရွာအနီး၌ အမှတ် (၂) တက္ကနက်ဖ် BGB တပ်ရင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်ဆင်ရေးအတွင်း လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် သုံးဘီးယာဉ် (CNG) ၂ စီးနှင့် မော်တော်ဆိုင်ကယ် ၁ စီးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော်ပြထားသည်။
မူဆလင်ဒုက္ခသည်များ၏ ပြောကြားချက်အရ ယခုသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများသည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများအတွင်း ခိုအောင်းလှုပ်ရှားနေကြသည့် ARSA နှင့် RSO အဖွဲ့များနှင့် သက်ဆိုင်သည့် လက်နက်များဖြစ်ကြောင်း သိရသည်။
Source / FENI WAVE