
AB News – နိုဝင်ဘာ ၂၅၊ ၂၀၂၆
အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာအနေဖြင့် နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပါက ဖမ်းဆီးထောင်ချပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ရှာမာ အိုဘေ့ဒ်အစ္စလာမ် (Shama Obaed Islam) က ပြောကြားခဲ့သည်။
ဟာစီနာသည် လာမည့် ဒီဇင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လာရန် စီစဉ်နေသည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် နိုင်ငံရေးတင်းမာမှုများ မြင့်တက်လာကာ လမ်းပေါ်အကြမ်းဖက်မှုများ ဖြစ်ပွားနေချိန်တွင် ဝန်ကြီးက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂၀၂၄ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဟာစီနာကို ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားပြီး နှစ်နိုင်ငံအကြားရှိ တရားခံလွှဲပြောင်းရေး သဘောတူညီချက်အတိုင်း အိန္ဒိယနိုင်ငံက လိုက်နာဆောင်ရွက်လိမ့်မည်ဟု ဝန်ကြီး အိုဘေ့ဒ်က ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုခြင်း မရှိသေးသော်လည်း ပြီးခဲ့သည့် ဧပြီလအတွင်းက ဟာစီနာကို ပြန်လည်လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ်၏ တောင်းဆိုချက်ကို စဉ်းစားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။
ဟာစီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသူဖြစ်ပြီး ၎င်းဦးဆောင်ခဲ့သည့် အဝါမီလိဂ်ပါတီမှာလည်း ၂၀၂၄ ခုနှစ် အရေးအခင်းနောက်ပိုင်း လှုပ်ရှားခွင့်ပိတ်ပင်ခံထားရသည်။ အဆိုပါအရေးအခင်းအတွင်း လူပေါင်း ၁,၄၀၀ ခန့် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
” ဟာစီနာ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာပါက ဖမ်းဆီးထောင်ချပြီး ဥပဒေနှင့်အညီ အရေးယူသွားမည် “ဟု ဝန်ကြီး အိုဘေ့ဒ်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် ဟာစီနာကို ထောက်ခံသူများလည်း လမ်းပေါ်ထွက်လာခဲ့ကြသည်။ ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်ခရိုင် ၂၈ ခု၌ လက်လုပ်ဗုံးပေါက်ကွဲမှုများနှင့် မော်တော်ယာဉ်မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
ယင်းအကြမ်းဖက်ဖြစ်စဉ်များသည် နိုင်ငံရေးအရ အင်အားကျဆင်းနေသည့် ဟာစီနာ၏ အဝါမီလိဂ်ပါတီ ရှင်သန်ရပ်တည်နိုင်ရေးအတွက် လုပ်ဆောင်နေသည့် နည်းဗျူဟာတစ်ခုသာဖြစ်ကြောင်း ဝန်ကြီး အိုဘေ့ဒ်က ဝေဖန်ပြောဆိုခဲ့သည်။
သို့သော် အဝါမီလိဂ်ပါတီ တာဝန်ရှိသူ ခါလစ်ဒ် မာမွဒ် ချောင်ဒရီ (Khalid Mahmud Chowdhury) ကမူ ယခုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားရခြင်းမှာ လက်ရှိအာဏာပိုင်များ၏ လုပ်ဆောင်ချက်များကြောင့်သာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
ထို့ပြင် ဟာစီနာကို ပြန်လည်ခေါ်ဆောင်ရန် လေယာဉ်စေလွှတ်မည့်ကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံနှင့် တရားဝင်ဆွေးနွေးထားခြင်း မရှိသေးကြောင်း ဝန်ကြီး အိုဘေ့ဒ်က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ထိခိုက်စေခြင်းမရှိဘဲ အိန္ဒိယနိုင်ငံနှင့် ဟန်ချက်ညီသည့် ဆက်ဆံရေးတစ်ရပ်ကိုသာ တည်ဆောက်လိုကြောင်းလည်း ၎င်းက ဆိုသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် မည်သည့်နိုင်ငံခြားရေးမူဝါဒမျိုး ကျင့်သုံးမည်ကို အိန္ဒိယနိုင်ငံဘက်က ဆုံးဖြတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
Reuters သတင်းဌာန၏ ဖော်ပြချက်အရ ဟာစီနာသည် အိန္ဒိယနိုင်ငံတွင် နှစ်နှစ်ကျော်ကြာ ခိုလှုံနေထိုင်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အောင်ပွဲနေ့ဖြစ်သည့် လာမည့် ဒီဇင်ဘာ ၁၆ ရက်တွင် နိုင်ငံသို့ ပြန်လာရန် စီစဉ်နေကြောင်း သိရသည်။
Photo – Around Prague
R/F : Reuters