AB News – နိုဝင်ဘာ ၂၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အောင်ဖြူပြင်နှင့် ယိုးတရုတ်ကျေးရွာတို့ကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။
ယိုးတရုတ်ကျေးရွာကို နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း လယ်တော၌ စပါးရိတ်သိမ်းပြီး တလင်းနယ်နေသည့် ဦးမောင်စံသိန်း၏သား အသက် ၂၇ နှစ်အရွယ် မောင်ထွန်းကျော်လှိုင်သည် ဗုံးစထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့သည်။ ထို့အပြင် တလင်းနယ်နေသည့် နွား ၃ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် အောင်ဖြူပြင်ကျေးရွာကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၆၄ နှစ်အရွယ် ဦးအောင်သိန်းချေ နေရာတွင်ပင် သေဆုံးခဲ့ပြီး အသက် ၂၂ နှစ်အရွယ် မောင်ခိုင်နေမျိုးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ၏ နေအိမ် ၃ လုံးနှင့် ဆိုင်ကယ် ၂ စီးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
စပါးရိတ်သိမ်းပြီး လယ်ယာလုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေချိန်တွင် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် ဒေသခံတောင်သူများအနေဖြင့် လုပ်ငန်းခွင်လုံခြုံရေးနှင့် စားဝတ်နေရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
” အခုလို အေးအေးဆေးဆေး စပါးရိတ်သိမ်းချိန်မှာ ဗုံးလာချတာ ဘယ်လိုလုပ်ကိုင်စားသောက်မှာလဲ။ လယ်ကွင်းမှာ အေးအေးချမ်းချမ်း လုပ်နေတာ စစ်ရေးနဲ့ ဘာသက်ဆိုင်လို့လဲ။ တမင်သက်သက် ပြည်သူတွေကို တိုက်ခိုက်တာပါ။ အခုလည်း ဘယ်အချိန် ထပ်လာမလဲမသိဆိုပြီး လယ်ကွင်းကိုတောင် မထွက်ရဲကြတော့ဘူး”ဟု ၎င်းက ပြောသည်။
အလားတူ ပေါက်တောမြို့နယ် (ဝီရဌာနီမြို့နယ်) အတွင်းရှိ သဝင်ချောင်း၊ ဓားကိုင်နှင့် နန်းတက်ကျွန်းကျေးရွာတို့ကိုလည်း နိုဝင်ဘာ ၂၀ ရက်နှင့် ၂၂ ရက်တို့တွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂ ရက်အတွင်း အရပ်သား ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် မြေပြင်စစ်ရေးတွင် အခြေအနေများ ဆုံးရှုံးနေသည့်အတွက် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် အရပ်သားများ နေထိုင်ရာ မြို့ရွာများ၊ ဈေးများ၊ စာသင်ကျောင်းများနှင့် သာသနိကအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် ပြောဆိုထားသည်။
Photo – AA Info Desk



