
AB News – စက်တင်ဘာ ၂၃၊ ၂၀၂၆
ကမ္ဘာ့သတင်းခေါင်းစီးများတွင် မြန်မာနိုင်ငံအကြောင်း ဖော်ပြမှု လျော့နည်းလာခြင်းသည် နိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပြီးဆုံးသွားခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) Gwyn Lewis က သတိပေး ပြောကြားလိုက်သည်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပလျက်ရှိသော (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ကမ္ဘာ့ခေါင်းဆောင်များ စုဝေးရောက်ရှိနေချိန်တွင် မြန်မာ့အရေးကို ကမ္ဘာ့အာရုံစိုက်မှု လျော့ကျမသွားစေရေးနှင့် အကူအညီ အထောက်အပံ့များ ဆက်လက်ရရှိရေးအတွက် ကုလသမဂ္ဂက အပြင်းအထန် တိုက်တွန်းထားခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ၏ ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များနှင့် အိုးအိမ်စွန့်ခွာမှုများကြောင့် ပြည်သူ ၁၆ သန်းကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
၂၀၂၆ ခုနှစ်အတွက် ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်နှင့် တုံ့ပြန်ရေး အစီအစဉ် (Humanitarian Needs and Response Plan) စာရင်းများအရ မြန်မာနိုင်ငံတစ်ဝန်း လူဦးရေ ၁၆ ဒသမ ၂ သန်းသည် အရေးပေါ် အကူအညီများ လိုအပ်နေပြီး စစ်ဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ပြည်သူ ဦးရေမှာလည်း ၄ သန်းကျော်အထိ ရှိလာခဲ့သည်။
ထို့ပြင် အဆိုပါ ထိခိုက်ခံစားရသူများအတွက် အရေးပေါ် အစားအစာ၊ ဆေးဝါးနှင့် ကာကွယ်စောင့်ရှောက်မှုများ အမြန်ဆုံး ပံ့ပိုးပေးရန် လိုအပ်လျက်ရှိသည်။
Gwyn Lewis သည် ၂၀၂၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူဖြစ်ပြီး လက်ရှိတွင် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိသည်။
ကုလသမဂ္ဂ၏ ၂၀၂၆ ခုနှစ် ကူညီကယ်ဆယ်ရေး အစီအစဉ်အရ အကူအညီ အလိုအပ်ဆုံးဖြစ်သည့် ပြည်သူ ၄ ဒသမ ၉ သန်းထံ အကူအညီများ ပေးအပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၈၉၀ သန်း လိုအပ်နေသည်။
သို့သော်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ လျော့ကျမှုများကြောင့် မြန်မာနိုင်ငံအတွက် အကူအညီ ပေးအပ်နိုင်မှုမှာ ဘဏ္ဍာရေး အကန့်အသတ်များနှင့် ကြုံတွေ့နေရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။