သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လယ်ယာမြေ မီးရှို့ခြင်းက မြေဆီလွှာကို ” သေ ” စေသလား

AB News – ဧပြီ ၂၂၊ ၂၀၂၆

အာရက္ခဒေသတွင်း လယ်ယာမြေ မီးရှို့မှုများကြောင့် မြေဆီလွှာအတွင်းရှိ အပင်အကျိုးပြု အဏုဇီဝများ သေဆုံးကာ ရေရှည်တွင် ” မြေသေ” ဘဝသို့ ရောက်ရှိနိုင်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စိုက်ပျိုးရေး နှင့် မွေးမြူရေးဌာနက သတိပေးလိုက်သည်။

သို့သော်လည်း လက်ရှိတွင် တောင်သူများမှာ လုပ်သားခ သက်သာစေရန်နှင့် နည်းပညာ အခက်အခဲများကြောင့် ရိုးရာအစဉ်အလာအရ မီးရှို့သည့် နည်းလမ်းကိုသာ ဆက်လက် အသုံးပြုနေကြရဆဲဖြစ်သည်။

​လယ်ယာမြေ မီးရှို့မှုကြောင့် ထွက်ပေါ်လာသော အန္တရာယ်ရှိ ဓာတ်ငွေ့များ၊ မြေဆီလွှာပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ စိုက်ပျိုးရေးဌာန၏ ပညာရပ်ဆိုင်ရာ ရှင်းလင်းချက်နှင့် တောင်သူများ၏  လက်တွေ့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို Arakan Bay News က  ဆက်သွယ်မေးမြန်း တင်ဆက်လိုက်သည်။

အပိုင်း ( ၁ )

စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနမှ တာဝန်ရှိသူ ၁ ဦး နှင့် မေးမြန်းချက်

​​မေး ။ ။လယ်ယာမြေ မီးရှို့မှုကြောင့် ထွက်လာတဲ့အန္တရာယ်အရှိဆုံး ဓာတ်ငွေ့တွေက ဘာတွေပါလဲ။

ဖြေ ။ ။​လယ်ယာမြေ မီးရှို့မှုကြောင့် ထွက်လာသော အန္တရာယ်အရှိဆုံး ဓာတ်ငွေ့တို့က Carbon Monoxide, Nitrogen Oxides, Ammonia, Non-methane VOCs, Sulphur Dioxide နှင့် dioxins/furans တို့လို အဆိပ်အတောက်ပါဝင်တဲ့ ဘေးထွက်ဓာတ်ငွေ့ (Combustion By-Products) တို့ပါ။ ယင်းဓာတ်ငွေ့တို့အပြင် အသက်ရှူလမ်းကြောင်း၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါတို့ကို ဖြစ်စေသော Particulate Matter (PM_{2.5} and PM_{10}) တို့ကိုလည်း ထွက်လာစေပါတယ်။

မေး ။ ။  လယ်ယာမြေ မီးရှို့ခြင်းမှာ မြေဆီလွှာ အရည်အသွေးအပေါ် ဘယ်လို ဆိုးကျိုး၊ ကောင်းကျိုးတွေ သက်ရောက်နိုင်ပါသလဲ။

​ဖြေ ။ ။ ​ရေရှည် မြေဆီလွှာအရည်အသွေးအပေါ် သက်ရောက်မှုက ကောင်းကျိုးမရှိသလောက်ပါ။ ရေတိုမှာတော့ နောက်သီးနှံကို အလွယ်တကူစိုက်နိုင်ရေး၊ ရိုးပြတ်ရှင်းခ လုပ်သားခ၊ အလုပ်ချိန်တို့ လျော့ချနိုင်ရေး၊ မြေကြီး အပေါ်ယံလွှာမှာရှိသော မြက်မျိုးစေ့၊ သီးနှံဖျက်ပိုးတစ်ချို့နှင့် အပင်ရောဂါဖြစ်စေသော သက်ရှိတစ်ချို့ကို မီးရှို့လိုက်ခြင်းကြောင့် သက်သာစေတယ်။

 Soil pH နှင့် available P, K, Ca တစ်ချို့ကို အချိန်တိုတစ်ခုအတွင်း မြင့်တက်စေတယ်။ ရေတိုမှာဆိုတော့ အကျိုးရှိသလိုမြင်ရပါတယ်။

​ရိုးပြတ်တွေကို စုပုံ မီးရှို့လိုက်ပီဆိုတာနဲ့ မီးအပူချိန်ကြောင့် မြေကြီးထဲမှာ အပင်တွေအတွက် အစာအာဟာရတို့ကို အလွယ်တကူစားသုံးနိုင်အောင် ကူညီပေးတဲ့ အကျိုးပြုအဏုဇီဝသက်ရှိ သန်းပေါင်းများစွာနှင့်တကွ မြေကြီးကျန်းမာရေးကို အထောက်အကူပြုပြီးနေတဲ့တီကောင်တွေ အားလုံးကို သေသွားစေတယ် ။

ကိုယ်တိုင်က ဖျက်ပိုးကျလို့ မီးရှို့လိုက်တာ ဆိုပေမယ့် ဖျက်ပိုးနဲ့တကွ သီးနှံအတွက် အကျိုးပြုပေးတဲ့ အကျိုးပြုပိုးတွေကိုပါ တစ်ခါတည်းသေသွားစေနိုင်တယ်။ မြေကြီးထဲက သက်ရှိတွေသေဆုံးသွားတဲ့ အတွက်နဲ့ မြေဆီလွှာမှာဖြစ်စေတဲ့ Organic Matter များဖြစ်ပေါ်မှုကို နှောင့်နှေးစေပြီး မြေဆီလွှာမှ ရေထိန်းထားနိုင်စွမ်းတွေ လျော့လာပြီးတော့ မြေအပေါ်ယံလွှာတွေ စိုက်ပျိုးလို့မရအောင် မာလာစေပါတယ်။

​လက်ရှိမြေမှာရှိနေတဲ့ ပင်ကြွင်းပင်ကျန်တွေ၊ ကောက်ရိုးရိုးပြတ်တွေဟာ မြေဆီလွှာကို နေ၊ မိုး၊ လေဒဏ်တွေက ကာကွယ်ပေးထားတာဖြစ်ပြီးတော့ မီးရှို့ခြင်းက မြေကြီးထဲမှာ ခိုအောင်းနေတဲ့ သက်ရှိတွေနှင့် အစာရင်းမြစ်ကို တိုက်ရိုက် ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။

ကောက်ရိုးတွေဟာ မြေဆီလွှာဖြစ်ပေါ်လာမှုအတွက် အရေးကြီးတဲ့ carbon source တစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့်နဲ့ ရိုးပြတ်တွေကို မီးရှို့လိုက်ခြင်းဟာ မြေဆီလွှာ ဖွဲ့စည်းပုံတွေကို ပျက်စီးစေခြင်း၊ မြေကြီးမှာ ရေသိုလှောင်နိုင်စွမ်း လျော့နည်းလာခြင်း၊ မြေဆီလွှာကြွယ်ဝမှုကင်းမဲ့လာခြင်းအပြင် မြေကြီးကို ဓာတုမြေဩဇာတွေ ထည့်မှသာ စိုက်ပျိုးလို့ရတဲ့ မြေ (Dead Soil) ဖြစ်လာစေပါတယ်။

​မေး ။  ။ မီးရှို့လိုက်တဲ့အခါ မြေကြီးထဲမှာ ဘယ်လို အာဟာရဓာတ်တွေအဓိက ဆုံးရှုံးသွားပါသလဲ။

ဖြေ။ ။ ​ကောက်ရိုးပြတ်တွေကို ဆွေးမြေ့အောင် မြေကြီးထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝသက်ရှိ (Decomposer Microbes) တို့က လုပ်ဆောင်ပေးပါတယ်။ တစ်နည်းပြောရင်တော့ ကောက်ရိုးကို အပင်တွေ တိုက်ရိုက်စားသုံးလို့ရတဲ့အစာအာဟာရဖြစ်အောင် ယင်းသက်ရှိတွေက လုပ်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။ မီးရှို့လိုက်တဲ့အခါမှာ မြေကြီးထဲမှာရှိနေတဲ့ အဏုဇီဝတွေ အားလုံးသေဆုံးသွားတဲ့အတွက် ဆွေးမြည့်ခြင်းဖြစ်စဉ် (Decomposition Process) ကို ကြန့်ကြာနိုင်စေတယ်။ ကောက်ရိုးထဲမှာပါသော အပင်အတွက် အဓိကလိုအပ်တဲ့ အများလိုနဲ့ အနည်းလို အာဟာရဓာတ်တို့ဟာ မြေကြီးထဲကို ပြန်မရောက်နိုင်ပဲ ပျောက်ကွယ်သွားစေတယ်။ အပင်အတွက် လိုအပ်တဲ့ Nitrogen ကို လေထဲကနေ ဖမ်းယူပေးနေတဲ့ အကျိုးပြုဘက်တီးရီးယား (Nitrogen Fixing Bacteria) တို့ကို ​သေ ဆုံးသွားစေပါတယ်။

 FAO က သုတေသနအစီရင်ခံစာအရ ကောက်ရိုး ၁ တန် ကို မီးတိုက်လိုက်ရင် Nitrogen 5.5 Kg, Phosphorous 2.3 Kg, Potassium 25 Kg နှင့် Sulphur 1.2 Kg လောက် ဆုံးရှုံးသွားနိုင်တယ်လို့ ဆိုထားပါတယ်။

မေး ။ ။ ဇီဝမျိုးစုံမျိုးကွဲတွေအပေါ် သက်ရောက်မှုက ဘာတွေရှိမလဲ။

ဖြေ။ ။ စိုက်ပျိုးပြီးကျန်ခဲ့တဲ့ ပင်ကြွင်းပင်ကျန်တွေနဲ့ Organic Matter တွေကို မြေကြီးထဲကိုပြန်ထည့်ပေးတာက မြေကြီးမှာ ​မှီတင်းနေထိုင်ကြတဲ့ အဏုဇီဝသက်ရှိ population ကို အလျင်အမြန်တိုးပွားလာစေပါတယ်။ ၎င်းပင်ကြွင်းပင်ကျန်များကို မီးရှို့လိုက်ခြင်းက 
(က) မြေဆီလွှာအပေါ်ယံမှာ မှီတင်းနေထိုင်ကြတဲ့ အကျိုးပြုဘတ်တီရီးယား၊ မှို (ဥပမာ Trichoderma)နဲ့ အခြားအဏုဇီဝသက်ရှိများစွာကို သေကြေပျက်စီးစေတယ်။ ​မြေကြီးထဲတွင် Drcomposer microbes တွေနဲ့ အကျိုးပြုဘတ်တီးရီးယားတွေ သေကြေသွားတဲ့အတွက် မြေဆီလွှာ၏ သဘာဝအလျောက် ပြန်လည်အားဖြည့်နိုင်စွမ်းလည်း ကျဆင်းသွားတယ်။

(ခ)လယ်ယာမြေဂေဟစနစ်မှာ ဖျက်ပိုးတွေကိုပြန်လည်နှိမ်နှင်းပေးတဲ့ အကျိုးပြုအင်းဆက်၊ ဖျက်ပိုး​တို့၏ သဘာဝရန်သူတွေနဲ့ သူတို့ရဲ့ဥတွေ ခိုအောင်းရာနေရာ စသည်တို့ဖျက်ဆီးခံလိုက်ရတဲ့အတွက် ဂေဟမျှခြေပျက်သွားပြီးတော့နောက်ရာသီတွင် ဖျက်ပိုးကျရောက်မှုတွေ ပိုမိုများပြားလာနိုင်ပါတယ်။

(ဂ)မြေဆီလွှာကိုပွစေပြီး ရေထိန်းစွမ်းအားကောင်းစေတဲ့ organic matter တွေမရှိတော့တဲ့အတွက် မြေဆီလွှာတွေ မာကြောလာပြီးတော့ ဇီဝသက်ရှိတွေ တီကောင်တွေ ရှင်သန်လာဖို့ခက်ခဲလာပါတယ်။

(ဃ)မီးရှို့လိုက်ခြင်းက ကောက်ရိုးဆွေးတွေကို မြေဆီ မြေသြဇာတွေကို ပြောင်းပေးနေတဲ့တီကောင်တွေရဲ့ အစာရင်းမြစ်ကို တိုက်ရိုက်ဖျက်ဆီးတာလ​ည်းဖြစ်ပါတယ်။

ဒါကြောင့်နဲ့ ASEAN guidelines for burning crop residues ထဲမှာလည်း လယ်ယာမြေမီးရှို့​ခြင်းက ဇီဝမျိုးစုံမျိုးကွဲတွေကို ထိခိုက်စေကြောင်း တိတိကျကျ ထောက်ပြထားပါတယ်။

မေး ။ ။ တောင်သူတွေ မီးမရှို့ပဲ အပင်ရှင်းနိုင်ဖို့ ဌာနက ထောက်ပံ့ပေးထားတဲ့ နည်းပညာ တွေ စက်ကိရိယာတွေ ရှိပါသလား။

ဖြေ ။ ။ပင်ကြွင်းပင်ကျန်တွေကို အမြန်ဆွေးမြေ့စေဖို့အတွက် အကျိုးပြုအဏုဇီဝဖျော်ရည်ကို နှုန်းထားအမျိုးမျိုးနှင့် ဖြန်းပြီးတော့ သုတေသနပြုလုပ်စမ်းသပ်နေတာတွေရှိ​တယ်။ ကောက်ရိုးတွေကို မီးမရှို့ပဲနောက်သီးနှံတွေအတွက် မြေဖုံးအဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။ မိုးရာသီမှာ ထွန်ယက်ပြီးတော့ ရေသွင်းအပုပ်ခံထားတာလည်းပင်ကြွင်းပင်ကျန်တွေ ဆွေးမြေ့ပြီးတော့ မြေဆီလွှာအာဟာရ ပြန်ဖြစ်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စနစ်တကျ မြေဆွေးပုံပြုလုပ်တဲ့ composting နန့် ဇီဝမီးသွေးပြုလုပ်ခြင်းတွေ လုပ်လို့ရပါတယ်။ အဲ့ဒီနည်းလမ်းတွေကို ဌာနအနေနဲ့ တောင်သူပညာပေးပွဲတွေမှာ နည်းပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိပါတယ်။ ပင်ကြွင်းပင်ကျန်တွေကိုအပိုင်းပိုင်းဖြတ်ပေးနိုင်တဲ့ crop residue cutting machinery တွေကိုတော့ ဌာနအနေနဲ့ မထောက်ပံ့နိုင်သေးပါ။

မေး ။ ။ အပင် အကြွင်းအကျန်တို့ကို မြေဩဇာ (Compost) ပြန်လုပ်ဖို့အတွက် တောင်သူတို့ကို လေ့ကျင့်သင်တန်း ပေးမှုတွေ လုပ်နေပါသလား။

ဖြေ ။ ။ ​ဌာနအနေနဲ့ လက်ရှိမှာ မြို့နယ်အလိုက် ဘိုကာရှီ မြေဩဇာ တိုးချဲ့ထုတ်လုပ်နေတာတွေ ရှိပါတယ်။ စိတ်ပါဝင်စားတဲ့ တောင်သူတို့ကိုလည်း Compost လုပ်ဖို့နည်းပညာတွေကို ဖြန့်ဝေရန် တောင်သူတို့ နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။

​မေး ။  မီးရှို့မှုကို တားမြစ်ထားတဲ့ တည်ဆဲဥပဒေ၊ သို့မဟုတ် ဒေသန္တရ ညွှန်ကြားချက်တွေ ရှိပါသလား။

ဖြေ။ ။ ​လယ်ယာမြေမီးရှို့ခြင်းကို တိုက်ရိုက် နာမည်တပ်ပြီးတော့ တားမြစ်ထားတဲ့ ဥပဒေတွေ၊ ဒေသန္တရ ညွှန်ကြားချက်တွေတော့မရှိသေးပါ။ ဒါပေမယ့်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဥပဒေ၊ သစ်တောဥပဒေ နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ထိန်းညှိကာကွယ်နိုင်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ဌာနအနေနဲ့လည်း ပင်ကြွင်းပင်ကျန်တိုက် မီးမရှို့ပဲ စနစ်တကျ စီမံခန့်ခွဲနိူင်ဖို့ နည်းပညာတွေ၊ စက်ကိရိယာ​တွေ နဲ့ သင်တန်း​တွေကို ပံ့ပိုးပေးပြီးတော့ ဒေသန္တရ ညွှန်ကြားချက်တွေ အနေနဲ့ လယ်ယာမြေ မီးရှို့မည်ဆိုပါက သက်ဆိုင်ရာဌာနကနေ ခွင့်ပြုချက်မဖြစ်မနေတောင်းခံရမည့်ဟာတွေ၊ မဖြစ်မနေ မီးရှို့ဖို့လိုအပ်လာလျှင် မီးတားလမ်း မဖြစ်မနေပြုလုပ်ထားဖို့ ညွှန်ကြားချက်တွေ နဲ့ ပတ်ဝန်းကျင်၊ ပြည်သူလူထုကျန်းမာရေးနဲ့ လယ်ယာမြေပျက်စီးမှုကို ကာကွယ်ရန်အတွက် တိုက်ရိုက်ထိန်းချုပ်မှုတွေ ပြုလုပ်သင့်ပါတယ်။

​မေး ။ ။  မီးရှို့မှုကြောင့် ပျက်စီးသွားတဲ့ မြေ
ဆီလွှာကို ပြန်လည်ကောင်းမွန်လာအောင် အချိန်ဘယ်လောက်ကြာအောင် ပြုပြင်ရပါသလဲ။

ဖြေ။ ။ ​နှစ်စဥ်နှစ်တိုင်း မီးရှို့နိုင်တဲ့ လယ်ယာမြေတွေနဲ့တစ်နှစ်တည်းမီးရှို့ထားတဲ့မြေ ကွာခြားရခြင်း၊ မီးရှို့ပြီးနောက် နောက်ဆက်တွဲ စီမံခန့်ခွဲမှု၊ မြေအမျိုးအစား စသည်တို့အပေါ်မှာ မူတည်ပြီးတော့ ပြုပြင်ချိန် ၁နှစ်ကနေ ၅ နှစ်လောက်ထိ ကြာတတ်ပါတယ်။

မေး ။ ။​ တောင်ယာ မီရှို့ခြင်းကနေ တောမီးကူးစက်မှု ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးထိန်းချုပ်မှုတွေ လုပ်​နေပါသလဲ။

ဖြေ ။ ။ ​တောမီးကူးစက်မှု ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီးတော့လက်ရှိမှာ ဌာနအနေနဲ့ ထိန်းချုပ်မှုတွေ မရှိသေးပါ။ တောင်ယာမီးရှို့ခြင်းကို လျော့ချရန်နဲ့ရေရှည်မှာ အကျိုးအမြတ်ရရှိနိုင်ရန်အတွက် သီးနှံသစ်တော ရောနှောစိုက်ပျိုးရေး (Agroforestry) ကို စမ်းသပ်လုပ်ဆောင်ဖို့ရှိပါတယ်။

​​မေး ။ ။မြေပြဿနာကို ရေရှည်ဖြေရှင်းဖို့အတွက် ဌာနမှာ မူဝါဒတွေ သို့မဟုတ် စီမံကိန်းတွေ ရှိပါသလား။

ဖြေ။ ။ ​လယ်ယာမြေ မီးရှို့တဲ့ပြဿနာကို ရေရှည်ဖြေရှင်းနိုင်ရန်အတွက် ဌာနအနေနဲ့ ပင်ကြွင်းပင်ကျန်​တွေကို မီးရှို့စရာမလိုပဲ အမြန်ဆွေးမြေ့အောင်ထွန်စက်များနဲ့ အလွယ်တကူ မြေမြှပ်၍ရအောင် နည်းစနစ်များ စမ်းသပ်လုပ်ဆောင်နေပါတယ်။ လယ်ယာမြေ မီးရှို့ခြင်း ဆိုးကျိုးများကိုလည်း စိုက်ပျိုးသူအားလုံး သတိပြုမိအောင် တိုးချဲ့ပညာပေးခြင်း (extension training) တွေ ပြုလုပ်လျက်ရှိပါတယ်။ မြေဆွေး(Compost) များကိုလည်း​စိတ်ပါဝင်စားသူတွေ အားလုံး လိုက်ပါလုပ်ဆောင်နိုင်အောင် demo plot တိ လုပ်ဆောင်သွားဖို့ရှိပါတယ်။ မြေဆီထုတ်လုပ်သူတွေနဲ့ အခြား လိုအပ်တဲ့လူတွေ

အပင်အကြွင်းအကျန်တွေကို လွယ်လွယ်ကူကူ သုံးစွဲနိူင်အောင် value chain ဖန်တီးပေးသွားမှာဖြစ်ပြီးတော့ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းပြီးတော့ No-Burn Policy တစ်ရပ်ကိုလည်း အကောင်အထည်ဖော်သွားရန် ရှိပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ