AB News – ဧပြီ ၂၁၊ ၂၀၂၆
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် အိမ်သုံးသစ်ခုတ်သူများကို သစ် ၁ တန်ပမာဏာအား အခွန်လွတ် ခုတ်ယူသုံးစွဲနိုင်ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနက ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် အချက် (၇) ချက်ပါရှိသည်။ ယင်းမှာ –
၁။ သစ်တောဥပဒေ အခန်း ၆ ပုဒ်မ ၁၇ အရ ပြည်သူများသည် စီးပွားဖြစ်မဟုတ်ပဲ အိမ်သုံး၊ လယ်ယာလုပ်ငန်းသုံး၊ ငါးဖမ်းလုပ်ငန်းသုံးအစရှိသည့် အခြေခံလုပ်ငန်းများအတွက် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနမှ သတ်မှတ်ထားသော တန်ပမာဏ ၁ တန်အား အခွန်လွတ်ထုတ်ယူသုံးစွဲခွင့်ရှိသည်။
၂။ သစ်ထုတ်ယူမည့်နေရာကို မြို့နယ်သစ်ဝန်းစီဌာနသို့ လာရောက် အကြောင်းကြားရမည်ဖြစ်ပြီး မြို့နယ်သစ်ဝန်းစီဌာနမှ ကွင်းဆင်း စိစစ်ကာ မှတ်တမ်းတင်ထားမည် ဖြစ်သည်။
၃။ အိမ်ထောင်စု တစ်စုလျှင် အိမ်သုံး သစ်ထုတ်ယူမှုအား တစ်နှစ်လျှင် (၁) ကြိမ်သာ ထုတ်ယူခွင့် ရှိသည်။
၄။ (၁)တန်ထက် ထပ်မံ၍ လိုအပ်ပါက ရပ်ရွာ၊ တိုက်နယ်၊ မြို့နယ်အုပ်ချုပ်ရေးဌာနမှ ထောက်ခံချက်များနဲ့ သစ်ဝန်းစီဌာနသို့ သီးခြား လာရောက်လျှောက်ထားတင်ပြရမည်။
၅။ သစ်ဝန်းစီဌာနမှ သွားရောက် ကွင်းဆင်းပြီး အမှန်အကန် ထပ်မံ လိုအပ်ကြောင်း စိစစ်တွေ့ရှိပါက လိုအပ်သော သစ်အား ထုတ်ယူခွင့် ပြုမည်။
၆။ အိမ်သုံး သစ်ထုတ်ယူပြီး အဆိုပါ သစ်များကို စီးပွားရေးအရ ရောင်းဝယ်ခြင်း မပြုရ။ စီးပွားရေးအရ လုပ်ကိုင်နေမှုကို စိစစ် တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်သည်။
၇။ အိမ်သုံးသစ် ထုတ်ယူရာတွင် စည်းမျဉ်းစည်းကမ်းများအား ဖောက်ဖျက်ထုတ်ယူပါက သစ်များအားလုံးကို သိမ်းဆည်းပြီး အိမ်သုံးသစ်ထုတ်ယူခွင့် ၁ နှစ် ထပ်မံ ပိတ်ပင်သွားမည် စသော အချက် ၇ ချက်ဖြင့် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – DW
