AB News – စက်တင်ဘာ ၂၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦး-ကျောက်တော် အဝေးပြေးလမ်းမပေါ်ရှိ ဝေသာလီကျေးရွာအနီးတွင် (Toyota) ကားတစ်စီးနှင့် သုံးဘီးယာဉ် (တုတ်တုတ်) တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ သုံးဘီးယာဉ်မောင်းအပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ (စက်တင်ဘာ ၂၃ ရက်) ညနေ ၄ နာရီခန့်တွင် ဝေသာလီကျေးရွာအနီး၌ မိမိလမ်းကြောအတိုင်း မောင်းနှင်နေသည့် သုံးဘီးယာဉ်ကို ကားတစ်စီးက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အဆိုပါ သုံးဘီးယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ခရီးသည် ၆ ဦး စီးနင်းလိုက်ပါလာခဲ့ရာ ယာဉ်မောင်းဖြစ်သူနှင့် ခရီးသည် အမျိုးသမီး ၃ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် အမျိုးသမီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
“ကားက ဝင်တိုက်တာ၊ တုတ်တုတ်က ကိုယ့်လမ်းအတိုင်း မောင်းနေတာကို ကားက ဝင်ကျုံးသွားတာပါ။ မီးခိုးတွေ တအားထွက်လာတာပဲ” ဟု အခင်းဖြစ်ပွားရာအနီး ရှိနေသည့် ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် သုံးဘီးယာဉ်ပေါ်မှ လူ ၂ ဦးမှာ လမ်းပေါ်သို့ ပြုတ်ကျကျန်ရစ်ခဲ့ပြီး ကျန်ရှိသူများမှာ ယာဉ်ပေါ်တွင် ပါသွားခဲ့ကာ ကားမောင်းနှင်သူမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို အခင်းဖြစ်ပွားပြီးသည်နှင့် နီးစပ်ရာ ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ကုသပေးခဲ့ကြပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ပုံစာ – မြောက်ဦး-ကျောက်တော် အဝေးပြေးလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်ကို တွေ့ရစဥ် (ပုံ – ပေးပို့)
