AB News – ဩဂုတ် ၂၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာတွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ဟိန္ဒူဘာသာဝင်များအား ရည်စူးသည့် ၉ နှစ်မြောက် အောက်မေ့ဖွယ်ဝမ်းနည်းခြင်း အခမ်းအနားကို ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း AB Newsက မြေပြင်ကွင်းဆင်း တွေ့ရှိရသည်။
အဆိုပါအခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအပါအဝင် ဟိန္ဒူအသိုင်းအဝိုင်းမှ တာဝန်ရှိသူများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံပြည်သူများနှင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များလည်း တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာကျင်ဖွယ်ဖြစ်ရပ်များကို ပြန်လည်အမှတ်ရခြင်း၊ အသက်ဆုံးရှုံးခဲ့ရသူများအား အောက်မေ့ဂုဏ်ပြုခြင်းနှင့် ဝမ်းနည်း ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ကြသည်။
AB News ၏ မြေပြင်ကွင်းဆင်းမှုအတွင်း ရရှိခဲ့သည့် ဒေသခံများနှင့် ဖြစ်စဉ်နှင့်နီးစပ်သူများ၏ ပြောကြားချက်များအရ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ ည ၈ နာရီခန့်တွင် အကြမ်းဖက် ARSA လက်နက်ကိုင် အဖွဲ့ဝင်များသည် ခမောင်းဆိပ်ရွာနှင့် ရဲဘောက်ကျာ ကျရပ်ကွက်တို့တွင် နေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခံရသူများကို ကြိုးတုပ်ခြင်းနှင့် မျက်နှာဖုံးစွပ်ခြင်းများ ပြုလုပ်ကာ ရွာနှင့် နှစ်မိုင်ခန့်အကွာရှိ တောတောင်ဒေသဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များတွင် ပါရှိသည်။
ဖြစ်စဉ်နှင့်နီးစပ်သူများ၏ ပြောကြားချက်အရ ဖမ်းဆီးခံရသူများကို ဘာသာရေးနှင့်ပတ်သက်သည့် ဖိအားပေးမှုများ ပြုလုပ်ခဲ့ပြီး၊ ၎င်းတို့ ငြင်းဆန်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် ဟိန္ဒူဘာသာဝင် ၁၁၃ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများနှင့် အခမ်းအနားစီစဉ်သူများက ပြောကြားသည်။
Amnesty International ကလည်း ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်၌ ARSA သည် ဟိန္ဒူလူမျိုးများကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များအတွက် တာဝန်ရှိကြောင်း သက်သေအထောက်အထားများနှင့် သက်သေခံချက်များအပေါ် အခြေခံ၍ ဖော်ပြခဲ့သည်။
အဆိုပါ စုံစမ်းမှတ်တမ်းတွင် အနည်းဆုံး ဟိန္ဒူလူမျိုး ၉၉ ဦး အသက်ဆုံးရှုံးခဲ့နိုင်ကြောင်းလည်း ဖော်ပြထားသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သည်မှာ ကိုးနှစ်ပြည့်မြောက်လာခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့် ဟိန္ဒူအသိုင်းအဝိုင်းအတွက် အဆိုပါဖြစ်ရပ်သည် နာကျင်ဖွယ်အမှတ်တရအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။
ယနေ့ကျင်းပသည့် အခမ်းအနားတွင် တက်ရောက်လာသူများသည် အသက်ဆုံးရှုံးခဲ့ရသူများကို အောက်မေ့သတိရကြပြီး၊ ဖြစ်ပွားခဲ့သည့် အဖြစ်ဆိုးကို နောင်လာမည့်မျိုးဆက်များ မမေ့လျော့စေရေးအတွက်လည်း အမှတ်တရများကို ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒပြုခဲ့ကြသည်။
လူသေဆုံးမှုကို ကိန်းဂဏန်းတစ်ခုဖြင့် ဖော်ပြနိုင်သော်လည်း ကိန်းဂဏန်းတစ်ခုစီ၏ နောက်ကွယ်တွင် မိသားစုတစ်စု၊ ချစ်ရသူများနှင့် ပြန်လည်အစားထိုး၍မရနိုင်သည့် လူသားဘဝတစ်ခုစီ ရှိနေကြောင်း အခမ်းအနားတက်ရောက်သူများက ပြောကြားသည်။
အခမ်းအနားတွင် အသက်ဆုံးရှုံးခဲ့ရသူများအား အောက်မေ့သတိရစေရန် တည်ဆောက်ထားသည့် မော်ကွန်းကျောက်တိုင်နှင့် အထိမ်းအမှတ်နေရာကို ဆက်လက်မွမ်းမံထိန်းသိမ်းသွားမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ မော်ကွန်းကျောက်တိုင်သည် ဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများ၏ အမှတ်တရကို ထိန်းသိမ်းထားသည့် နေရာတစ်ခုဖြစ်ပြီး၊ အတိတ်က ဖြစ်ပွားခဲ့သည့် နာကျင်ဖွယ်ဖြစ်ရပ်များကို မှတ်တမ်းတင်ထားသည့် သမိုင်းအမှတ်အသားတစ်ခုလည်း ဖြစ်သည်။
ULA/AA နှင့် ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများကလည်း အလားတူ အကြမ်းဖက်ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် လုံခြုံရေးဆိုင်ရာ အသိပေးပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နောင်လာမည့်မျိုးဆက်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ လှုံ့ဆော်မှုနှင့် အမုန်းတရားဖြန့်ဝေမှုများကို သတိထားကြရန်လည်း တာဝန်ရှိသူများက တိုက်တွန်းပြောကြားခဲ့ကြသည်။
၂၀၁၇ ခုနှစ် ဩဂုတ်လက ဖြစ်ပွားခဲ့သည့် နာကျင်ဖွယ်ဖြစ်ရပ်သည် မောင်တောမြောက်ပိုင်းရှိ ဟိန္ဒူအသိုင်းအဝိုင်းအတွက် ပြန်လည်အစားထိုး၍မရနိုင်သည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။
ယနေ့ကျင်းပသည့် ၉ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားသည် အသက်ဆုံးရှုံးခဲ့ရသူများကို အောက်မေ့ဂုဏ်ပြုခြင်းသာမက အတိတ်က ဖြစ်ရပ်များကို မှန်ကန်စွာ မှတ်တမ်းတင်ကာ နောင်လာမည့်မျိုးဆက်များအတွက် သင်ခန်းစာယူရန် ရည်ရွယ်ချက်လည်း ပါဝင်သည်။
နှစ်များစွာ ကြာမြင့်လာခဲ့သော်လည်း ခမောင်းဆိပ်ဒေသတွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ အမှတ်တရများကို မမေ့လျော့ဘဲ ဆက်လက်အောက်မေ့နေကြခြင်းသည် အကြမ်းဖက်မှု၏ နာကျင်ဖွယ်အကျိုးဆက်ကို သတိပေးနေဆဲဖြစ်သည်။
အတိတ်ကို အောက်မေ့ခြင်းသည် နာကျင်မှုကိုသာ ပြန်လည်သတိရရန်မဟုတ်ဘဲ၊ လူသားအသက်ကို တန်ဖိုးထားပြီး အလားတူအဖြစ်ဆိုးများ ထပ်မံမဖြစ်ပွားစေရေးအတွက် အတိတ်မှ သင်ခန်းစာယူရန်လည်း ဖြစ်သည်။
Photo – Hein Tun/ Ko Naing ( AB News)
