သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်အတွင်း နွားများသေဆုံးနေသည့်ကိစ္စနှင့်ပတ်သက်၍ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ စစ်ဆေးနေ

AB News – သြဂုတ် ၂၆၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်း နွားများဆက်တိုက်သေဆုံးနေခြင်းနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာ ဖြစ်ရပ်တစ်ခုအဖြစ်သတ်မှတ်ကာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ စစ်ဆေးလျက်ရှိနေပြီး အဖြေရှာတွေ့ပါက အသိပေးထုတ်ပြန်သွားမည်ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ထုတ်ပြန်လိုက်သည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်ကို လေကြောင်းတိုက်ခိုက်များနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်များကို ဆက်တိုက်ပြုလုပ်လာနေပြီး ယခုအချိန်သည် မိုးရာသီဖြစ်သည့်အတွက်ကြောင့် အဆိုပါဗုံံးသီးများကျရောက်ပေါက်ကွဲသည့်နေရာ၌ ယမ်းများသည် ဘေးပတ်ဝန်းကျင်နေရာများသို့ မိုးရေများနှင့်အတူ ရေစီးထဲပါသွားသည့်အတွက်ကြောင့် ယမ်းအဆိပ်သင့်မှုများ ဖြစ်လေ့ဖြစ်ထရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ယခုဖြစ်ရပ်မတိုင်မီ ဗုံးကြဲတိုက်ခိုက်ခံရသည့် နေရာများ၌ တိရစ္ဆာန်များ သေဆုံးသည့်ဖြစ်ရပ်မျိုးမရှိခဲ့သော်လည်း ယခုအခါတွင် ရသေ့တောင်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်သည့်နေရာများ၊ အနီးပတ်ဝန်းကျင်နေရာများကို နွားများအား အစာစားရန်လွှတ်သည့်အချိန်၌ နွားများဆက်တိုက်သေဆုံးမှုများရှိလာနေသည်ကို တွေ့ရကြောင်း ဆိုသည်။

ထို့အတွက်ကြောင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာနနှင့် မှုခင်းရေးရာ ဆေးပညာဌာခွဲမှ နွားများဆက်တိုက်သေဆုံးနေသည့်ဖြစ်ရပ်ကို မသင်္ကာဖွယ်ရာ ဖြစ်ရပ်တစ်ခုအဖြစ်သတ်မှတ်ကာ အထူး ဂရုစိုက်စစ်ဆေးလျက်ရှိပြီး မည်သည့်အတွက်ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အဖြေရှာဖွေတွေ့ရှိပါက အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ယခုလို ကျွဲ၊ နွားတိရစ္ဆာန်များ သေဆုံးနေသည့်ဖြစ်ရပ်မျိုး တွေ့ရှိပါက နီးစပ်ရာ အုပ်ချူပ်ရေးဌာန၊ DLEPS ဌာနများသို့ ချက်ချင်းအကြောင်းကြားပေးရန်လည်း အသိပေးထားသည်။

ထို့ပြင် ပြည်သူများအနေဖြင့် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ထားသည့် အနီးတဝိုက်မှ သီးနှံများ၊ စားသောက်ဖွယ်ရာများကို စားသောက်ခြင်းနှင့် ဗုံးကြဲတိုက်ခိုက်ခံထားရသည့် နေရာများတွင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်အစရှိသော တိရိစ္ဆာန်များ လွှတ်ကျောင်းခြင်းများကို ရှောင်ရှားကြရန် အသိပေးထုတ်ပြန်ထားသည်။

Photo – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ