
AB News – သြဂုတ် ၂၅ ၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် သြဂုတ်လ ၂၂ ရက်က ပျောက်ဆုံးသွားသည့် ၄ နှစ်အရွယ် ကလေးငယ်ကို ၂ ရက်အကြာတွင် အဒေါ်ဖြစ်သူ၏ နေအိမ်၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
မောင်နေဝင်းဌေးသည် သြဂုတ်လ ၂၂ ရက်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၂၄ ရက်တွင် မအီမြို့၊ ကမ်းခြေရွာသစ်တွင် နေထိုင်သည့် အဒေါ်ဖြစ်သူ၏ နေအိမ်၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ၏ ပြောပြချက်အရ သိရသည်။
မိဘများ ဟင်းခူးသွားစဉ် ကလေးငယ်သည် မအီမြို့၊ ပြင်ဝန်းရပ်ကွက်၌ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး မိဘများ ပြန်မရောက်မီ အချိန်တွင် မအီမြို့၊ ကမ်းခြေရွာသစ်ရှိ အဒေါ်ဖြစ်သူ ထံသို့ တစ်ဦးတည်း သွားရောက်ခဲ့ခြင်း ဖြစ်သည်။
“ကျမသားလေးက ကျမတို့ဟင်းခူးရာကမရောက်ခင်မှာ သွားတာပါ ကျမတို့ရောက်တော့ သားလေးကိုမတွေ့တာနဲ့ လိုက်ရှာကြပါတယ်။ အနီးနားက သားလေးသွားတက်တဲ့နေရာတွေလည်း ရှာပါသေးတယ်။ ဘယ်လိုမှမတွေ့တာကြောင့် သူ့အဒေါ်နေတဲ့ ကမ်းခြီရွာမှာသွားရှာတဲ့အခါမှ သားလေးကိုတွေ့ပါတယ်။ သားလေး ကသူ့ အဒေါ်ဆီမှာဘဲ နေချင်တယ် ဆိုတာနဲ့ ကျမတို့လည်းထားခဲ့လိုက်ပါတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။
ကလေးငယ်သည် အဒေါ်ဖြစ်သူနှင့်သာ နေထိုင်လိုပြီး မိဘများနှင့် ပြန်မလိုက်ချင်သဖြင့် အဒေါ်နှင့်အတူ ထားရှိခဲ့ကြောင်း မိခင်ဖြစ်သူထံမှ သိရသည်။