
AB News – နိုဝင်ဘာ ၂၄၊ ၂၀၂၆
ရက္ခိုင်ပြည်ရှိ မြို့နယ် ၇ ခုတွင် ဝမ်းရောဂါကာကွယ်ဆေး (OCV) ကို အိမ်တိုင်ရာရောက် လိုက်လံတိုက်ကျွေးသွားမည်ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ယနေ့ နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်သည်။
ရက္ခိုင်ဒေသတွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း မြို့နယ်အချို့၌ ပြင်းထန်ဝမ်းရောဂါ ဖြစ်ပွားခဲ့ပြီး လူနာအချို့ သေဆုံးမှုရှိခဲ့ကြောင်း၊ ဝမ်းနမူနာများကို အမြန်စစ်ဆေးမှု (Rapid Diagnostic Test) ပြုလုပ်ရာတွင်လည်း ပြင်းထန်ဝမ်းရောဂါဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ယင်းကြောင့် ရက္ခိုင်ပြည်အတွင်း ပြင်းထန်ဝမ်းရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်တက်နေသည့်အတွက် မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဝီရဌာနီ၊ အမ်းနှင့် ပလက်ဝမြို့နယ်တို့တွင် အသက် ၁ နှစ်အထက် ကလေးများနှင့် လူကြီးများအားလုံးကို ဝမ်းရောဂါကာကွယ်ဆေး (OCV) အိမ်တိုင်ရာရောက် လိုက်လံတိုက်ကျွေးသွားမည်ဖြစ်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဆောင်ရွက်ရန် လျာထားသည့် ယင်းအစီအစဉ်အတွက် ဆေးတိုက်ကျွေးမည့် ရက်၊ အချိန်နှင့် နေရာများကို အစီအစဉ်စတင်ရန် နီးကပ်လာသည့်အခါ ထပ်မံကြေညာသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် စစ်ဘေးကြောင့် နေရပ်စွန့်ခွာနေထိုင်သူများပြားလာခြင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိမှုရှားပါးခြင်းနှင့် အိမ်သာအသုံးပြုမှု နည်းပါးခြင်းတို့ကြောင့် ဒေသအတွင်း ဝမ်းရောဂါကူးစက်နိုင်ခြေ မြင့်တက်နေကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားသည်။
ယခုကာကွယ်ဆေးတိုက်ကျွေးရေးအစီအစဉ်တွင် ယခင်က ဝမ်းရောဂါဖြစ်ပွားခဲ့ဖူးသည့် နေရာများနှင့် ရောဂါဖြစ်ပွားနိုင်ခြေရှိသည့် ဒေသများ၌ နေထိုင်သူများအပြင် ယာယီနေရပ်စွန့်ခွာနေထိုင်ရသည့် အိမ်ထောင်စုများ၊ ရေကြီးရေလျှံမှု ဖြစ်ပွားသည့် နေရာများနှင့် သန့်ရှင်းသော သောက်သုံးရေနှင့် အိမ်သာ အလုံအလောက်မရရှိသည့် လူနေထူထပ်သော နေရာများကို ဦးစားပေးထားကြောင်း သိရသည်။
ဝမ်းလျှောခြင်းကြောင့် ခန္ဓာကိုယ်အတွင်း ရေဓာတ်အလွန်အမင်းဆုံးရှုံးနိုင်ပြီး အချိန်မီကုသမှုမရရှိပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်သဖြင့် OCV ကာကွယ်ဆေးကို အသက် ၁ နှစ်အထက် ကလေးများနှင့် လူကြီးများအားလုံး ကြည်ကြည်ဖြူဖြူ သောက်သုံးကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။
ထို့အပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်ကျောင်းများ၊ မိဘမဲ့ဂေဟာများ၊ အကျဉ်းထောင်များ၊ ဘိုးဘွားရိပ်သာများ၊ စာသင်ဘော်ဒါဆောင်များ၊ ယာယီကယ်ဆယ်ရေးစခန်းများ၊ လမ်းဘေးဈေးများနှင့် စားသောက်ဆိုင်တန်းများအပါအဝင် လူဦးရေထူထပ်ပြီး သန့်ရှင်းရေးအားနည်းသည့် နေရာများတွင် နေထိုင်သူများလည်း ကာကွယ်ဆေးတိုက်ကျွေးရေးအစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။
အဆိုပါ ပြင်းထန်ဝမ်းရောဂါသည် မသန့်ရှင်းသော အစားအစာနှင့် ရေကို စားသောက်ခြင်း၊ ရောဂါရှိသူ၏ မစင်နှင့် အန်ဖတ်များကို တိုက်ရိုက်ထိတွေ့ခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်ပြီး ပြင်းထန်ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ခြေထောက်ကြွက်တက်ခြင်းနှင့် အားအင်ကုန်ခမ်းခြင်းတို့မှာ အဓိကလက္ခဏာများဖြစ်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အသိပေးထားသည်။
Photo – အာရက္ခပြည်သူ့ ကျန်းမာရေးဌာန