
AB News – အောက်တိုဘာလ ၁၀၊ ၂၀၂၆
ရက္ခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ဈေးနှုန်းများ မြင့်တက်နေပြီး ငွေလွှဲ၊ ငွေထုတ်ပြုလုပ်ရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
လက်ရှိ ရက္ခိုင်တွင် စစ်ရေးပဋိပက္ခများ ကြာမြင့်လာသည်နှင့်အမျှ လမ်ပန်းဆက်သွယ်ရေးခက်ခဲမှုများအပါအဝင် ကုန်ရောင်း၊ ကုန်ဝယ်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများကြောင့် ငွေသားများ ရက္ခိုင်ပြည် ပြင်ပသို့ ရောက်ရှိသွား၍ ငွေသားရှားပါမှုဖြစ်လာပြီး ငွေထုပ်ယူရန် အခက်အခဲများရှိလာကြောင်း ငွေလွှဲ၊ ငွေထုတ် လုပ်ကိုင်သူ ဒေါ်တင်တင်မိုး က ဆိုသည်။
“ငွေသားက တစ်ခါတစ်လေဆို လုံးဝရှာမရတာတွေလည်း ရှိတယ်။ ဘေးပတ်ဝန်းကျန်တွေဆီကပါ ချေးရလောက်အောင် ရှားသွာတာတွေလည်းရှိပါတယ်။ ရက္ခိုင်တောင်ဖက်ခြမ်းက သူတွေဆိုရင် ငွေသားတွေကို မြောက်ဖက်က သွားယူရတာတွေ ရှိပါတယ်။ တံတားတွေ ပျက်တုန်းက ဆိုရင် သွားမရတော့ ငွေသားက လုံးဝ ရှားသွားတယ်။ အဓိကတော့ လမ်းပန်းဆက်သွယ်အပေါ်မှာလည်း မူတည်ပါတယ်” ဟု ဆိုသည်။
ငွေသားပြတ်လတ်မှုကြောင့် ငွေထုတ်ယူရန် အခက်အခဲများရှိရုံသာမက ငွေထုတ်ခဈေးနှုန်းများမှာလည်း ယခင်ကထက်ပို၍ ဈေးတက်သွားပြီး အချိန်အကြာကြီးစောင့်ရတာမျိုးလည်းရှိကြောင်း ငွေထုတ်သူများက ဆိုကြသည်။
“အရင်ကဆို ငွေကျပ် တစ်သိန်းကို လေးငါးထောင်လောက်ပဲပေးရတာ အခု ငွေတစ်သိန်းကို ထုတ်ခ ခုနစ်ထောင် ပေးရတယ်။ ငွေပမာဏ အများကြီးထုတ်ရင် ထုတ်ခက ခုနစ်ရာခိုင်နှုန်းလောက် ပေးရတာဆိုတော့ အဆင်တော့မပြေဘူးပေါ့။ ပြီးတော့ ငွေသားပမာဏ များရင်များသလောက် စောင့်ရတာတွေလည်းရှိတယ်။ တစ်ခါတစ်လေဆို တစ်ပတ်လောက်ကြာပါတယ်” ဟု ငွေထုတ်သူ ဒေါ်ဖြိုးဖြိုးအေး က ဆိုသည်။
ရက္ခိုင်တွင် ပြီးခဲ့တဲ့နှစ်ကလည်း ငွေသားပြတ်လတ်မှုများရှိခဲ့သောကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ နည်းအမျိုးမျိုးဖြင့် ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန် ဖြေရှင်းပေးခဲ့ပြီးလက်ရှိတွင်လည်း ငွေသားပြတ်လတ်မှု ပြဿနာများကို ဖြေရှင်းပေးရန် လိုအပ်နေကြောင်း ငွေလွှဲ၊ ငွေထုတ်လုပ်ကိုင်နေသူများက ဆိုသည်။