AB News – ဇွန် ၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင် မိသားစုဝင် ၆ ဦးမှာ ယနေ့ ဇွန် ၃ ရက်တွင် အဆိပ်မှိုစားမိပြီး ပြင်းထန်စွာ အော့အန်သဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
အဆိပ်မှိုစားမိသူများမှာ စစ်တွေမြို့၊ အုန်းတပင်ရပ်ကွက်မှ မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်နေကြသော မိသားစုဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် အနီးအနားရှိ လယ်ကွင်းမှ ကလေးငယ်များ သွားရောက်ခူးယူလာသည့် မှိုများကို ချက်ပြုတ်စားသောက်ခဲ့ကြရာမှ ဤကဲ့သို့ မိသားစုလိုက် အဆိပ်သင့်ခဲ့ခြင်း ဖြစ်သည်။
အဆိပ်သင့်သူများတွင် ဒေါ်ခင်ခင်ဦးနှင့် သူမ၏ မိခင်၊ သားဖြစ်သူ ၂ ဦး၊ တူမဖြစ်သူနှင့် အခြားမိသားစုဝင်တစ်ဦး အပါအဝင် စုစုပေါင်း ၆ ဦး တို့ဖြစ်သည်။
၎င်းတို့သည် မှိုစားပြီးနောက် နံနက် ၁၀ နာရီဝန်းကျင်မှစတင်ကာ မွန်းလွဲ ၂ နာရီခန့်အထိ တစ်ဦးပြီး တစ်ဦး ပြင်းထန်စွာ အော့အန်လာခဲ့ကြခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
”မှိုစားပြီး အန်ကြတော့ အိမ်မှာတင် အဆိပ်ဖြေဆေးတွေ တိုက်ကြည့်ကြသေးတယ်။ မသက်သာဘဲ ပိုဆိုးလာလို့ ဆေးရုံကို အမြန်ပို့လိုက်ရတာ။ တစ်ယောက်ပြီးတစ်ယောက် အန်ကြတာ။ အဘွားကတော့ အသက်ကြီးပြီဆိုတော့ အခြေအနေ စိုးရိမ်ရတယ်။ ပြီးရင် မြေးဖြစ်သူလဲ အများကြီးစားလိုက်လို့ တော်တော်အန်တယ်။” ဟု စစ်ဘေးရှောင်တစ်ဦးက AB News သို့ ပြောသည်။
အဆိုပါ အဆိပ်သင့်မိသားစုဝင်များကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးဝါးများနှင့် ဆေးသွင်းကုသမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ဆေးကုသမှု ခံယူပြီးနောက် အခြေအနေ ပြန်လည်ကောင်းမွန်လာပြီး ယနေ့ ညနေပိုင်းအချိန်တွင် မိသားစုဝင်အားလုံး ဘေးကင်းစွာ ပြန်လည်သက်သာသွားပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ရက္ခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများသည် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် တောတောင်များနှင့် လယ်ကွင်းများအတွင်း သဘာဝအတိုင်း ပေါက်ရောက်နေသည့် မှိုများနှင့် ဟင်းသီးဟင်းရွက်များကို ရှာဖွေစားသောက်ရာမှ ဤကဲ့သို့ အသက်အန္တရာယ်ရှိသည့် အဆိပ်မှို အန္တရာယ်များနှင့် မကြာခဏ ကြုံတွေ့နေရလေ့ရှိကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။
ယခုဖြစ်စဉ်တွင် မိသားစုဝင်များ စားမိသည့် မှိုမှာ တောင်ပို့မှို၊ မှိုထီးနုနုများနှင့် အလွန်ဆင်တူသော်လည်း ပြင်းထန်သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အဆိပ်သင့်မှုကို ဖြစ်စေသည့် အဆိပ်ထီးမှို (Chlorophyllum molybdites) သို့မဟုတ် အလားတူအဆိပ်ရှိသော မှိုဖြူများ ဖြစ်နိုင်ခြေ အလွန်များပြားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်များနှင့် သာစည်ကျေးရွာတို့တွင် ဈေးအတွင်း ဝယ်ယူစားသောက်ခဲ့သည့် မှိုများကြောင့် ကျောင်းသား ၃ ဦး အပါအဝင် ဒေသခံ ၁၃ ဦးထက်မနည်း ပြင်းထန်စွာ မူးဝေအော့အန်ပြီး သတိလစ်သည်အထိ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကာ ပုဏ္ဏားကျွန်းဆေးရုံ၌ အရေးပေါ် ကုသမှုခံယူခဲ့ရသည့် ဖြစ်စဉ်မျိုးလည်း ရှိခဲ့သည်။
မိုးဦးကျကာလတွင် တောတောင်နှင့် မြက်ခင်းပြင်များ၌ မှိုများ အများအပြား ပေါက်ရောက်လေ့ရှိရာ စားသုံးမှိုနှင့် အဆိပ်မှိုကို သာမန်မျက်စိဖြင့် ခွဲခြားရန် အလွန်ခက်ခဲသဖြင့် မိမိတို့ သေချာစွာ မခွဲခြားတတ်သော သဘာဝပေါက်မှိုများကို လုံးဝ ဆွတ်ခူးစားသောက်ခြင်း မပြုကြရန် လိုအပ်သည်။
အဆိပ်မှိုစားမိပါက မိနစ်ပိုင်းမှ နာရီပိုင်းအတွင်း မူးဝေခြင်း၊ ဗိုက်အောင့်ခြင်း၊ ပြင်းထန်စွာ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် လက္ခဏာများ ပြတတ်ပြီး ကုသမှုနောက်ကျပါက အသက်အန္တရာယ် ဆုံးရှုံးနိုင်သည်အထိ ပြင်းထန်တတ်သည်။
ထို့ကြောင့် မိသားစုဝင်များ သို့မဟုတ် ကလေးငယ်များ မှိုစားပြီးနောက် ပုံမှန်မဟုတ်သော အော့အန်ခြင်းလက္ခဏာများ ပြသလာပါက နေအိမ်တွင် အချိန်ဆွဲ၍ ကိုယ်ထူကိုယ်ထ အဆိပ်ဖြေခြင်းမျိုး လုံးဝမပြုလုပ်ဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသ၍ ကုသမှုခံယူရမည်ဖြစ်သည်။



